မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာပျောက်နေတဲ့ တောင်ပံကစားသမား အလီဟန်ဒရို ဂါနာချိုဟာ ဂျာမန်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ချယ်လ်ဆီးအသင်းကိုသာ ပြောင်းရွှေ့လိုကြောင်း သူ့ရဲ့ရပ်တည်ချက်ကို အခိုင်အမာ သက်သေပြလိုက်ပါတယ်။
နည်းပြရူဘင် အမိုရင်ရဲ့ လက်အောက်မှာ မျက်နှာသာပေးမှုမရတော့တဲ့နောက် ယူနိုက်တက်အတွက် မလိုအပ်တော့တဲ့ ကစားသမားတစ်ဦး ဖြစ်လာခဲ့တဲ့ အာဂျင်တီးနားကြယ်ပွင့်ဟာ ချယ်လ်ဆီးကလွဲပြီး ဘယ်အသင်းကိုမှ မပြောင်းဘူးဆိုတဲ့ သူ့ရဲ့ဆုံးဖြတ်ချက်အတိုင်း တည်မြဲနေတာဖြစ်ပါတယ်။
Photo Credit : Football365
ချယ်လ်ဆီးအသင်းဟာ ဂါနာချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် ယူနိုက်တက်ရဲ့ တန်ဖိုးသတ်မှတ်ချက်နဲ့ ပေါင် (၁၀)သန်းခန့် ကွာဟနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်က အသက် (၂၁)နှစ်အရွယ် ကစားသမားအတွက် ပေါင် သန်း(၄၀)ဝန်းကျင်အလိုရှိနေပြီး ချယ်လ်ဆီးဘက်ကတော့ ပေါင် သန်း(၃၀)ထက်ပိုပြီး ကမ်းလှမ်းရခြင်း မရှိသေးပါဘူး။ သူ့ရဲ့ မကျေနပ်မှုတွေဟာ ပြီးခဲ့တဲ့ရာသီက စပါးနဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရံခုံမှာထိုင်ခဲ့ရပြီးနောက် လူသိရှင်ကြား ပေါက်ကွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။
စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ တာဝန်ရှိသူတွေဟာ ဒီနွေရာသီမှာ ဂျေမီ ဂစ်တန်စ် (ပေါင် ၄၈.၅ သန်း)၊ ဂျာအို ပက်ဒရို (ပေါင် ၆၅ သန်း)၊ ဂျာရယ် ဟာတို (ပေါင် ၃၇ သန်း) နဲ့ လီယမ် ဒီလပ် (ပေါင် သန်း ၃၀)တို့ကို ခေါ်ယူထားပြီးဖြစ်လို့ ငွေကြေးသုံးစွဲမှု မြင့်မားနေပါတယ်။
Photo Credit : Football Transfer
နည်းပြအန်ဇို မာရက်စ်ကာက တိုက်စစ်ပိုင်းကို ထပ်မံအင်အားဖြည့်လိုနေပြီး ဂါနာချိုကိုလည်း အလိုရှိနေပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ ကစားသမားသစ်တွေထပ်မခေါ်ယူမီ လက်ရှိကစားသမားတချို့ကို ရောင်းချဖို့ လိုအပ်နေပါတယ်။ ဒီအခြေအနေကြောင့် ဘိုင်ယန်မြူးနစ်အသင်း ဝင်ရောက်လာခဲ့ပေမယ့် ဂါနာချိုက ချယ်လ်ဆီးကိုသာ ပြောင်းချင်တယ်လို့ အကြောင်းပြန်ခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ရန်ပုံငွေကို ဖြည့်တင်းပေးနိုင်မယ့် ကစားသမားတွေလည်း ရှိနေပါတယ်။ နည်းပြမာရက်စ်ကာက ခရစ္စတိုဖာ အန်ကွန်ကူကို ရောင်းချလိုနေပြီး သူ့ရဲ့အသင်းဟောင်း လိုက်ပ်ဇစ်က အပြီးသတ်ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အရှိန်မြှင့်တင်နေတယ်လို့ The Athletic သတင်းက ဖော်ပြပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆင်ကိုလည်း အက်စတွန် ဗီလာနဲ့ နယူးကာဆယ်တို့က အပြိုင်စိတ်ဝင်စားနေပြီး ချယ်လ်ဆီးက သူ့အတွက် ပေါင် သန်း(၆၀)ဝန်းကျင် အလိုရှိနေပါတယ်။ နည်းပြ မာရက်စ်ကာကတော့ အပြောင်းအရွှေ့ကာလမပိတ်မီ ဂါနာချိုကို ခေါ်ယူနိုင်ရေးအပြင် နောက်ခံလူ လီဗိုင် ကိုလ်ဝဲလ်က ACL ဒဏ်ရာနဲ့ ရာသီအများစုကို လွဲချော်မှာဖြစ်တာကြောင့် နောက်ခံလူသစ်တစ်ဦးကိုပါ ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။