ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုက သူနဲ့ တနိုင်ငံထဲသား ဖြစ်သလို စီနီယာ အသင်းဖော်လည်း ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ သူ့အတွက် အဖေလိုမျိုး အားကိုးရတဲ့ လူတဦး ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက ယခုနှစ် ဘောလုံးရာသီမှာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ နေရာပေးမှုနဲ့အတူ မန်ချက်စတာ ယူနိုက်တက် အတွက် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဂါနာချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၀၆၁မိနစ် ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဂါနာချိုကို လုပ်ခလစာ တိုးမြှင့်ပေးကာ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး ဂါနာချိုကလည်း ယူနိုက်တက်ရဲ့ အဓိက ကစားသမား တဦး ဖြစ်လာအောင် ကြိုးစားနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ပထမဦးဆုံးအကြိမ် လုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက်က ဂါနာချိုကို ယူနိုက်တက် ကစားသမားတွေထဲမှာ ဘယ်သူတွေနဲ့ အရင်းနှီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ရာ ဂါနာချိုက သူဟာ မာတီနက်ဇ် ၊ ဘရူနို ဖာနန်ဒက် ၊ ဒီဂီယာ စတဲ့ စီနီယာ ကစားသမားတွေနဲ့ ရင်းနှီးပြီး မာတီနက်ဇ်ဟာ သူ့အတွက် အဖေလိုမျိုး အားကိုးရတဲ့ အသင်းဖော် ဖြစ်ကြောင်း ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Metro

ဂါနာချိုက – “ယူနိုက်တက်မှာ လီဆန်ဒရို မာတီနက်ဇ်က ကျွန်တော့်ရဲ့ အဖေလိုပါပဲ။ သူက ကျွန်တော် လုပ်နေတဲ့ အရာတွေထဲမှာ ဘာတွေက မှားလဲနဲ့ ဘာတွေက မှန်လဲ ဆိုတာတွေကို အမြဲတမ်း ပြောပြပြီး ဆုံးမလေ့ ရှိပါတယ်။ ကျွန်တော်က ဘရူနိုနဲ့လည်း အတော်လေး ရင်းနှီးပါတယ်။ သူက ကျွန်တော့်ကို အမြဲတမ်း ကူညီပေးတတ်ပါတယ်။ ဒီဂီယာကလည်း ကျွန်တော့်ကို ကူညီပေးတဲ့ လူတွေထဲက တဦးပါ။ သူက ကျွန်တော့်အတွက် မိတ်ဆွေကောင်း တဦးပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။