ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းနဲ့အတူ တောက်ပနေတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ဆွေးနွေးမှုတွေက အဆင်ပြေနေတာကြောင့် မကြာခင်မှာပဲ စာချုပ်သစ် ချုပ်ဆိုနိုင်တော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနက ဆိုပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၁၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football 365

ဂါနာချိုက ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ခြေစွမ်းပြ ကစားထားနိုင်သလို လိုအပ်ရင် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိပြီး သူ့ရဲ့ အကြီးမားဆုံး အားသာချက်တွေက လျင်မြန်မှုနဲ့ ပြိုင်ဘက် ခံစစ်မှူးတွေကို တဦးချင်း ဖြတ်ကျော်ရာမှာ ကောင်းမွန်တာတို့ပဲတို့ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က ဂါနာချိုရဲ့ အရည်အသွေးတွေကို သဘောကျနေသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့ကလည်း ဂါနာချိုကို အသင်းရဲ့ အနာဂတ် စီမံကိန်းထဲမှာ ထည့်သွင်းထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂါနာချိုရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်ကာ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: Football 365

ဂါနာချိုနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ကြားထဲမှာ စာချုပ်သက်တမ်း ၁နှစ်ကျော် ကျန်နေသေးသလို မန်ချက်စတာ ယူနိုက်တက်က ဂါနာချိုကို နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေသေးပေမယ့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ဂါနာချိုရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ လုပ်ခလစာ တိုးမြှင့်ပေးကာ ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ လုပ်ဆောင်နေတာ ဖြစ်ပြီး ဂါနာချိုကလည်း မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒက်ကာရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ ဂါနာချိုရဲ့ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာ ဆောင်နေသလို နှစ်ဖက်စလုံးက စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေတာကြောင့် မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်က ဂါနာချိုကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ် ရှိနေပြီး စာချုပ်သစ်မှာတော့ ဂါနာချိုကို တပတ် လုပ်ခလစာ ပေါင် ၇၀၀၀၀ ဝန်းကျင် ရရှိနိုင်ကြောင်း သိရပါတယ်။