ဘာစီလိုနာအသင်းဟာ အင်တာမီလန်ကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပေမယ့် ဒီရာသီမှာ အသင်းသားတွေ လုပ်ဆောင်နိုင်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူသင့်တယ်လို့ နောက်ခံကစားသမား အဲရစ် ဂါစီယာက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့က ဆန်စီရိုကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာဟာ အင်တာမီလန်ကို ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၆ ဂိုးနဲ့ အရေးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ ပွဲရဲ့ ပထမပိုင်းအပြီးမှာ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ လော်တာရို မာတီနက်ဇ်နဲ့ ဟာကန် ချာဟာနိုဂလူးတို့က အင်တာအတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း ပွဲချိန် တစ်နာရီမပြည့်ခင်မှာပဲ အဲရစ် ဂါစီယာနဲ့ ဒန်နီ အော်လ်မိုတို့က ဘာစီလိုနာအတွက် ချေပဂိုးတွေ ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီး (၈၇)မိနစ်မှာတော့ ရာဖင်ညာက ဘာစီလိုနာအတွက် တတိယဂိုးကို သွင်းယူပေးခဲ့လို့ ဗိုလ်လုပွဲတက်ရောက်ဖို့ မျှော်လင့်ချက်ရခဲ့ပါသေးတယ်။
Photo Credit : FC Barcelona
ဒါပေမဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်ရဲ့ ကန်ချက် ဂိုးတိုင်ထိခဲ့ပြီးနောက် သိပ်မကြာခင်မှာပဲ နာကျင်အချိန်ပိုမှာ အင်တာနောက်ခံလူ ဖရန်ချက်စကို အချာဘီက ချေပဂိုး သွင်းယူသွားခဲ့ပါတယ်။ ပွဲကို ဆက်လက်ကစားရာ အချိန်ပိုမှာတော့ အင်တာကွင်းလယ်လူ ဒယ်ဗီဒီ ဖရက်တေဆီက အနိုင်ဂိုးကို သွင်းယူခဲ့တဲ့အတွက် နည်းပြ ဟန်ဆီဖလစ်ရဲ့ ဘာစီလိုနာအသင်း ဗိုလ်လုပွဲတက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။
အခုလို ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ဘာစီလိုနာ နောက်ခံလူ အဲရစ် ဂါစီယာကတော့ Amazon Prime နဲ့ အင်တာဗျူးမှာ “ပထမပိုင်းမှာ ၂-၀ နဲ့ ရှုံးနေခဲ့တာက ခက်ခဲတဲ့ အခြေအနေပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုက အံ့အားသင့်စရာကောင်းလောက်အောင် ကောင်းခဲ့ပါတယ်။ ပွဲကို အပြတ်ဖြတ်နိုင်မယ့် အခွင့်အရေးတွေတောင် ပိုရခဲ့ပါသေးတယ်။ ဒါကတော့ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း ပါပါတယ်။”
Photo Credit : Barca Blaugranes
“ဒါပေမဲ့ ဒါက ဘောလုံးပါပဲ။ ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့တာတွေအတွက် တကယ်ကို ဂုဏ်ယူရမှာပါ။ ရာသီရဲ့ လက်ကျန်ပွဲတွေအတွက် ကျွန်တော်တို့ ဆက်ကြိုးစားရမယ်။ ဂုဏ်ယူရပါမယ်။ ဒီရာသီမှာ ကျွန်တော်တို့ကို ပရိသတ်တွေက အားပေးခဲ့ကြတယ်။ ရာသီအစမှာ ဘယ်သူမှ ကျွန်တော်တို့ကို မယုံကြည်ခဲ့ကြပါဘူး။ အပြောင်းအလဲတွေ အများကြီးနဲ့ မန်နေဂျာအသစ် အရမ်းငယ်ရွယ်တဲ့ ကစားသမားတွေနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ယူသင့်ပါတယ်။” လို့ ဂါစီယာက ဆိုပါတယ်။
အင်တာကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဘာစီလိုနာရဲ့ ဖလား(၃)လုံးအောင်မြင်မှု (treble) မျှော်လင့်ချက်တွေကတော့ အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမဲ့ လာလီဂါမှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ဦးဆောင်နေသလို စပိန်စူပါဖလားနဲ့ ကိုပါဒယ်လ်ရေး ဖလားတွေကိုလည်း ဆွတ်ခူးထားပြီးဖြစ်လို့ ပြည်တွင်းဖလား(၃)လုံး ရယူနိုင်ဖို့တော့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။