ပီအက်စ်ဂျီအသင်း နည်းပြဖြစ်သူ ခရစ္စတိုဖာဂယ်လ်တီယာက လက်ရှိရာသီမှာ အသင်းကို ပုံစံကောင်းရအောင် မစွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် သူကိုယ်တိုင်ကတော့ လာမယ့် ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီ နည်းပြအဖြစ်နဲ့သာ ဆက်လက် ရှိနေမယ်လို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : DNyuz

ပြင်သစ်လူမျိုး ဘောလုံးနည်းပြ ဂယ်လ်တီယာဟာ ဒီရာသီမှ ပီအက်စ်ဂျီအသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့လက်ထက်မှာ အသင်းက ပြိုင်ပွဲစုံအတွင်း (၈)ပွဲအထိကို ရှုံးပွဲတွေ့ခဲ့ရပါတယ်။ လီဂူးဝမ်း အမှတ်ပေးပွဲမှာ ရှုံးပွဲ (၅)ပွဲ ရရှိထားပြီး ချန်ပီယံလိဂ်မှာလည်း (၁၆)သင်းအဆင့်အတွင်း ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်ဖလားရဲ့ (၁၆)သင်းအဆင့်မှာလည်း မာဆေးလ်ကို ရှုံးနိမ့်ပြီး ရှုံးထွက်ပြိုင်ပွဲ(၂)ခုကနေ စောစောစီးစီး ထွက်ခွာထားခဲ့ရပါတယ်။

Photo Credit : Le Monde

ပီအက်စ်ဂျီနည်းပြဘဝမှာ နိုင်ပွဲရာခိုင်နှုန်း (၇၀)%နီးပါးလောက်အထိ ရယူထားနိုင်ခဲ့တယ် ဆိုပေမယ့်လည်း ပီအက်စ်ဂျီ တာဝန်ရှိသူတွေရဲ့ အိမ်မက်တစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုအဆင့်ကနေတောင် ဒုတိယနေရာနဲ့သာ တတ်လှမ်းခဲ့ရသလို ရှုံးထွက်အဆင့် ရောက်ရောက်ချင်းမှာပဲ ဘိုင်ယန်ကို နှစ်ကျော့ပေါင်း (0-3)နဲ့ အရှုံးနိမ့်ရင်း နှစ်ရာသီဆက် (၁၆)သင်းအဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၂၀၂၂ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲတုန်းက ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ ကီလီယန်အမ်ဘာပေတို့အပြင် တခြားသော ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကိုမှ အခုလို အမှတ်ပေးပြိုင်ပွဲတစ်ခုတည်းသာ မျှော်လင့်လို့ရနိုင်တဲ့ အနေအထားမျိုး ဖြစ်စေရတာကို အသင်းပိုင်ရှင်တွေဘက်က သဘောမကျနိုင်ဘူးလို့ ထင်ရပေမယ့်လည်း ဂယ်လ်တီယာကတော့ သူ့အနာဂတ်ကို အခိုင်အမာ ယုံကြည်နေပါတယ်။

“လာမယ့်ရာသီမှာ ပီအက်စ်ဂျီနည်းပြအဖြစ် ဆက်ရှိသွားဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ လူးဝစ်ကမ်ပို့စ်နဲ့ လက်တွဲပြီး လာမယ့်ရာသီမှာ အသင်းရဲ့ တည်ဆောက်ပုံ ဟန်ချက်ညီမှု ပိုမို ရရှိသွားအောင် လုပ်ဆောင်သွားပါမယ်” လို့ နည်းပြ ဂယ်လ်တီယာက ပြောဆိုသွားခဲ့ပါတယ်။