ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ နည်းပြချုပ် ဖြစ်သူ ဂယ်လ်တီယာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၀-၁ လိုင်ယွန် ပွဲစဉ်မှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ပွဲစဉ်တလျှောက်လုံး လှောင်ပြောင်ခဲ့ကြတဲ့ ပီအက်စ်ဂျီ ပရိသတ်တွေကို မက်ဆီအား လှောင်ပြောင်မှုတွေ ရပ်တန့်ဖို့ ပွဲအပြီးမှာ တောင်းဆိုသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မက်ဆီဟာ ပီအက်စ်ဂျီထံ စတင် ရောက်ရှိကာစမှာ အသင်းနဲ့ အသားကျဖို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ယခုနှစ်ရာသီမှာတော့ အမ်ဘာပေနဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ပြထားပါတယ်။

Photo Credit: Goal

မက်ဆီက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၇ကြိမ် အထိ ရရှိထားပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီရဲ့ ပရိသတ်တွေက မက်ဆီရဲ့ ခြေစွမ်းကို အားရ ကျေနပ်ခြင်း မရှိသေးပဲ သူတို့အသင်းအနေနဲ့ အရေးကြီးတဲ့ ပွဲစဉ်တွေမှာ ရှုံးပွဲတွေနဲ့ ရင်ဆိုင်နေရတာဟာ မက်ဆီရဲ့ ခံစစ်ကြောင်းကို မကူညီတတ်တဲ့ အလေ့အထကြောင့် ဖြစ်ကြောင်း ထောက်ပြ ဝေဖန်နေကြပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၀-၁ လိုင်ယွန် ပွဲစဉ်မှာလည်း ပီအက်စ်ဂျီရဲ့ ပရိသတ်တွေက ကွင်းထဲမှာ မက်ဆီရဲ့ နာမည်ကို ကြေညာတိုင်း လက်ခေါက်မှုတ်တာ ၊ ဝီစီမှုတ်တာတွေ ပြုလုပ်ကာ မက်ဆီကို တောက်လျှောက် လှောင်ပြောင်ခဲ့ကြပြီး ဘောလုံးပွဲ ကြေညာသူတွေကတောင် ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ အပြုအမူတွေကို ထောက်ပြခဲ့ရတဲ့ အထိ လှောင်ပြောင်မှုတွေ များပြားခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ပီအက်စ်ဂျီ ၀-၁ လိုင်ယွန် ပွဲအပြီးမှာ ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယာက သူတို့အသင်းရဲ့ ပရိသတ်တွေအနေနဲ့ ရလဒ်ဆိုးတွေ အတွက် မက်ဆီကို ဦးတည် လှောင်ပြောင်မှုတွေ မလုပ်သင့်ကြောင်းနဲ့ ရလဒ်တွေ ဆိုးဝါးနေမှုက မက်ဆီနဲ့သာ သက်ဆိုင်တာ မဟုတ်ပဲ တသင်းလုံးနဲ့ သက်ဆိုင်တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဂယ်လ်တီယာက – “ပရိသတ်တွေက မက်ဆီကို ဝီစီမှုတ် လှောင်ပြောင်နေတာတွေ လုပ်နေတာဟာ အတော်လေးကို ပြင်းထန်တဲ့ အပြုအမူလို့ပဲ ပြောချင်ပါတယ်။ မက်ဆီက ကျွန်တော်တို့ အတွက် အရည်အသွေးတွေ အများကြီး ယူဆောင်ပေးလာတဲ့ ကစားသမားပါ။ သူက ပထမရာသီဝက်မှာ ကျွန်တော်တို့ အတွက် စွမ်းဆောင်ရည်ကောင်းတွေ အများကြီးလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဝီစီမှုတ်တာတွေကို ရပ်သင့်တယ်လို့ မြင်ပါတယ်။ အသင်းရဲ့ ကစားပုံ ပိုကောင်းလာဖို့နဲ့ ရလဒ်ကောင်းတွေ ရဖို့ အတွက် တခြား ကစားသမားတွေမှာလည်း တာဝန်ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။