ဆော်ဒီပရိုလိဂ်ပြိုင်ပွဲရဲ့ ထိပ်သီးကလပ် အယ်လ်အစ်တီဟတ်အသင်းကို ကိုင်တွယ်တော့မယ့် ရေးဗားပလိတ် နည်းပြဟောင်း မာဆယ်လို ဂယ်လ်လာဒိုက လက်ရှိမှာ ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး နည်းပြတွေထဲက တစ်ဦး ဖြစ်လာဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီလိဂ်ရဲ့ လက်ရှိချန်ပီယံ အယ်လ်အတ်တီဟတ်အသင်းဟာ နည်းပြ နူနိုဆန်းတို့စ်နဲ့ လက်တွဲဖြုတ်ပြီးနောက် နည်းပြသစ်တစ်ဦးကို ရှာဖွေလျက် ရှိနေရာ ရိုးမားအသင်းရဲ့ နည်းပြကြီး မော်ရင်ဟိုနဲ့ပါ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit : ESPN

ဒါပေမယ့် အယ်လ်အတ်တီဟတ်က မော်ရင်ဟိုလို လက်ရှိမှာ အသင်းတစ်သင်းကို ကိုင်တွယ်နေတဲ့ နည်းပြထက် အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြကိုသာ ခန့်အပ်ဖို့ ပိုဖြစ်နိုင်တာမို့ ရီးယဲလ် နဲ့ ဆီဗီလာ နည်းပြဟောင်း လိုပက်တယ်ဂီကိုသာ ကြိုးပမ်းလာခဲ့ပါတယ်။

လိုပက်တယ်ဂီက အယ်လ်အစ်တီဟတ်အသင်းရဲ့ ကြိုးပမ်းမှုကို ပယ်ချခဲ့တာကြောင့် နောက်ဆုံးမှာ ရေးဗားပလိတ် နည်းပြဟောင်း ဂယ်လ်လာဒိုကိုသာ ဆက်သွယ်ခဲ့ရာ အဆင်ပြေသွားခဲ့ပါတယ်။ အသက် (၄၇)နှစ်သာ ရှိသေးတဲ့ ဂယ်လ်လာဒိုဟာ ရေးဗားပလိတ်အသင်းကို (၈)နှစ်နီးပါးလောက်အထိ ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit : Marca

အာဂျင်တီးနား ကစားသမားဟောင်းကြီး ဂယ်လ်လာဒိုဟာ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းမှာ အလွန် အောင်မြင်ခဲ့သူဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ဆုဖလား (၁၄)ခုအထိပါ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်ရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ဂယ်လ်လာဒိုက တစ်နှစ်ကို ယူရို သန်း(၂၀)ကနေ (၂၅)သန်းလောက်အထိ ဝင်ငွေ ရရှိတော့မှာဖြစ်လို့ အသက်လက်တီကိုနည်းပြ ဆီမြွန်နီ နဲ့ မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာတို့နောက် တတိယမြောက် ဝင်ငွေ အကောင်းဆုံး နည်းပြ ဖြစ်လာနိုင်ပါတော့မယ်။