လီဗာပူးလ်တိုက်စစ်မှူး ကိုဒီ ဂတ်ခ်ပိုဟာ အသင်းဖော်ဖြစ်သူ ဒီယိုဂို ဂျိုတာ ဝမ်းနည်းဖွယ်ရာ ကွယ်လွန်သွားခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ ခက်ခဲတဲ့ အခြေအနေတွေအကြောင်းကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်ကစားသမား ဂျိုတာဟာ အသက်(၂၈)နှစ်အရွယ်မှာ သူ့ရဲ့ညီအစ်ကိုဖြစ်သူ အန်ဒရေ ဆေးလ်ဗားနဲ့အတူ ဇူလိုင်လ (၃)ရက်နေ့က ကားမတော်တဆမှုတစ်ခုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ဂျိုတာရဲ့ ကွယ်လွန်မှုသတင်းနဲ့အတူ ကမ္ဘာတစ်ဝှမ်းလုံးက ဝမ်းနည်းကြောင်း သတင်းစကားတွေ ဂုဏ်ပြုစကားတွေ လှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေဟာ ဒီဆုံးရှုံးမှုအတွက် ဖြေဆည်နေရဆဲဖြစ်သလို လီဗာပူးလ်အသင်းက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း ထပ်တူ ခံစားနေရပါတယ်။
Photo Credit : Goal
ဒတ်ချ်တိုက်စစ်မှူး ဂတ်ခ်ပိုက The Athletic သတင်းဌာနကို အခုလို ပြောပြခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ဒါဟာ အရမ်းကို ခက်ခဲတဲ့ အချိန်ကာလတစ်ခုပါပဲ။ ဒီဖြစ်ရပ်ဖြစ်တုန်းက ကျွန်တော်တို့ တော်တော်များများက အားလပ်ရက်မှာ ရှိနေကြတုန်းပါ။ အသင်းတစ်သင်းအနေနဲ့ရော ကလပ်တစ်ခုအနေနဲ့ပါ ကျွန်တော်တို့ အမြန်ဆုံး ပြန်လည် စုစည်းခဲ့ကြတယ်။ အဲ့ဒီအချိန်မှာ သူ့မိသားစုအတွက် တတ်နိုင်သလောက် ရှိနေပေးဖို့ ကြိုးစားခဲ့ကြသလို၊ အသင်းလိုက်အနေနဲ့လည်း ကူညီနိုင်တာမှန်သမျှ ကူညီပေးခဲ့ကြပါတယ်။ အခုထိလည်း ကျွန်တော်တို့ ကူညီနေကြတုန်းပါပဲ။ သတင်းတွေမှာ မြင်ရတာထက် ပိုပြီးတော့ လူတိုင်းက နောက်ကွယ်ကနေ မိသားစုနဲ့ ဆက်သွယ်ပြီး တတ်နိုင်သလောက် ကူညီပေးနေကြပါတယ်။”
ဂျိုတာကွယ်လွန်ချိန်မှာ အားလပ်ရက် ရောက်နေခဲ့တဲ့ ဂတ်ခ်ပိုဟာ ပေါ်တူဂီနိုင်ငံ ဂွန်ဒိုမာမြို့မှာ ပြုလုပ်ခဲ့တဲ့ စိတ်ထိခိုက်ဖွယ်ရာ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သူတွေထဲက တစ်ဦးဖြစ်သလို အန်ဖီးလ်ကွင်းအပြင်ဘက်မှာ ပြုလုပ်ထားတဲ့ အမှတ်တရနေရာကိုလည်း သွားရောက်ခဲ့ပါတယ်။ “ဒီယိုဂိုရဲ့ မိသားစုက သူတို့အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ အချစ်တွေ ဒီယိုဂိုနဲ့ သူ့အစ်ကိုအပေါ်ထားတဲ့ အချစ်တွေကို ခံစားမိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကလပ်တစ်ခုအနေနဲ့ အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့ ဘယ်လိုရပ်တည်ပေးခဲ့လဲ ပရိသတ်တွေ မြို့သူမြို့သားတွေ ဘောလုံးပရိသတ်အားလုံးက ဘယ်လိုရပ်တည်ပေးခဲ့လဲဆိုတာကို သင်မြင်နိုင်ပါတယ်။ လီဗာပူးလ်ဆိုတာ တကယ့်ကို မိသားစုတစ်ခုလို ဖြစ်အောင် ကြိုးစားနေထိုင်ကြတာပါ။” လို့ သူက ဆိုပါတယ်။
Photo Credit : Goal
လီဗာပူးလ်အသင်းဟာ ဂျိုတာရဲ့ ကျောနံပါတ် ၂၀ ကို အနားပေးခဲ့ပြီး ၂၀၂၅-၂၆ ရာသီတစ်လျှောက်လုံး ကစားသမားတွေရဲ့ အင်္ကျီနဲ့ ဂျာကင်တွေမှာ “ထာဝရ အမှတ် ၂၀” (Forever 20) ဆိုတဲ့ အထိမ်းအမှတ်တံဆိပ်ကို ဝတ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။ ဒီဂုဏ်ပြုမှုနဲ့ ပတ်သက်ပြီး ဂတ်ခ်ပိုက “ဒါဟာ ကျွန်တော်တို့ အနည်းဆုံးလုပ်ပေးနိုင်တဲ့ အရာပါ။ သူဟာ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို လူသားတစ်ယောက်အနေနဲ့ဆိုရင် ပိုပြီးတောင် အံ့ဩဖို့ကောင်းတဲ့သူပါ။ သူက လူတိုင်းနဲ့ အဆင်ပြေတယ်။ သူ့ကို လူတိုင်းက ချစ်ခင်ကြတယ်။ ဒါကြောင့်လည်း လူတိုင်းက ဒီဖြစ်ရပ်အပေါ် ဘယ်လိုတုံ့ပြန်ခဲ့ကြလဲဆိုတာကို တွေ့မြင်ခဲ့ရတာပါ။”
“ကျွန်တော်တို့ မှတ်မိချင်တာက ကစားသမားတစ်ယောက်အနေနဲ့ သူဘယ်လိုရှိခဲ့လဲဆိုတာထက် ကျွန်တော်တို့အတွက် သူဟာ ဘယ်လိုလူမျိုးဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ။ ကစားသမားတစ်ယောက်အနေနဲ့ သူ့ရဲ့ခြေစွမ်းတွေကို YouTube က ဟိုက်လိုက်တွေမှာ ပြန်ကြည့်လို့ရပေမယ့် လူသားတစ်ယောက်အနေနဲ့ သူဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာက ပိုအရေးကြီးပါတယ်။ ဒီရာသီမှာ သူ့ကို ကျွန်တော်တို့ လွမ်းဆွတ်နေရမှာဖြစ်သလိုသူ့မိသားစု ဒီအသင်း ဒီကလပ်က လူတိုင်းရဲ့ တစ်သက်တာအတွက်လည်း သူဟာ အလွမ်းဆွတ်ခံနေရမယ့်သူပါ။ ကျွန်တော်တို့ သူ့ကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။” လို့ ဂတ်ခ်ပိုက စိတ်ထိခိုက်စွာ ပြောကြားခဲ့ပါတယ်။