ပရီးမီးယားလိဂ်ရဲ့ အသင်းလတ် တသင်း ဖြစ်တဲ့ ဖူလ်ဟမ်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် ချယ်လ်ဆီးမှာ ကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဘရော်ဂျာကို အငှားနဲ့ ခေါ်ယူချင်နေပြီး ဖူလ်ဟမ်ဟာ ဘရော်ဂျာရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်နေကြောင်း သိရှိရပါတယ်။

မာကို ဆေးလ်ဗား ဦးဆောင်နေတဲ့ ဖူလ်ဟမ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၂) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၂)နေရာကို ရောက်ရှိနေပေမယ့် ရမှတ် ၂၅မှတ်သာ စုဆောင်းထားနိုင်တာကြောင့် တန်းဆင်းဇုန်နဲ့ ရမှတ် ၇မှတ်သာ ကွာဟနေပြီး အခန့်မသင့်ရင် တန်းဆင်းဇုန် အန္တရာယ်နဲ့ပါ ရင်ဆိုင်ရနိုင်ချေ ရှိနေပါတယ်။

Photo Credit: The Times

ဒါကြောင့်ပဲ မာကို ဆေးလ်ဗားက ယခု ဆောင်းဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမား အင်အားကို တတ်နိုင်သမျှ မြှင့်တင်ချင်နေပြီး နောက်ဆုံး ၅ပွဲမှာ သွင်းဂိုး ၂ဂိုးသာ ရရှိထားတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် တိုက်စစ်မှူးသစ် ၁ဦးကို ခေါ်ယူ အားဖြည့်ချင်နေပါတယ်။

တဖက်မှာတော့ အသက် ၂၂နှစ် အရွယ် အယ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး ဘရော်ဂျာက ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ စုစုပေါင်း ၆၉၅မိနစ်သာ ပါဝင် ကစားခွင့် ရထားပေမယ့် သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂ကြိမ် ရရှိထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဖူလ်ဟမ်က ယနေ့မနက် အစောပိုင်းမှာပဲ ချယ်လ်ဆီးထံ ဆက်သွယ်ကာ ဘရော်ဂျာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပြီး ဖူလ်ဟမ်ဟာ ဘရော်ဂျာကို ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူချင်နေကြောင်း သိရှိရပါတယ်။

ချယ်လ်ဆီးက ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဝုလ်ဗ်ရဲ့ ဘရော်ဂျာအတွက် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမယ့် နည်းပြချုပ် ပိုချက်တီနိုရဲ့ စိတ်ကြိုက် တိုက်စစ်မှူး မဟုတ်တဲ့ ဘရော်ဂျာကို ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် ဖူလ်ဟမ်ကသာ ဘရော်ဂျာကို ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင်နဲ့ ဝယ်ယူမယ် ဆိုတဲ့ ကမ်းလှမ်းချက်မျိုး လုပ်ခဲ့ရင် ဘရော်ဂျာကို ဖူလ်ဟမ်ဆီ အငှားစေလွှတ်ဖွယ် ရှိနေပါတယ်။