စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ လူးဝစ် ဖွန်တေကတော့ ပြီးခဲ့တဲ့ ၂နှစ်တာ ကာလအတွင်းမှာ စပိန်အသင်း အတွက် ရွေးချယ်ခြင်း မခံခဲ့ရတဲ့ ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို လာမယ့် နိုင်ငံတကာပွဲတွေမှာ စပိန်အတွက် ပြန်လည် ခေါ်ယူရန် စဉ်းစားနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် စပိန် ဗဟိုခံစစ်မှူး ဆာဂျီယို ရာမို့စ်က လက်ရှိမှာ ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီ အတွက် ကစားပေးနေသူ ဖြစ်ပြီး သူက ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံမှာ ၂၇ပွဲ အထိ ပါဝင် ကစားပေးထားသလို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်း အတွက် ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

Photo Credit: Marca

အထူးသဖြင့် စပိန်နည်းပြဟောင်း အင်းနရစ်နဲ့ ဆာဂျီယို ရာမို့စ်တို့ရဲ့ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိခဲ့ပြီး အဆိုပါ ပြဿနာတွေကြောင့်ပဲ အင်းနရစ်က လူငယ်ကြယ်ပွင့်တွေကို နေရာပေးမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ရာမို့စ်လို ဝါရင့် ကစားသမားကို လူစာရင်းထဲ ကနေ ၂နှစ်လုံးလုံး ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်နဲ့အတူ ရလဒ်ကောင်းတွေ မယူနိုင်ခဲ့တာကြောင့် အင်းနရစ်က ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာပဲ စပိန်အသင်း ကနေ နုတ်ထွက်ခဲ့ရပြီး သူ့ရဲ့ နေရာကိုတော့ ဝါရင့် စပိန်နည်းပြကြီး လူးဝစ် ဖွန်တေက ဆက်ခံခဲ့ပါတယ်။

Photo Credit: Marca

လူးဝစ် ဖွန်တေ တယောက် စပိန်နည်းပြ ဖြစ်လာပြီးနောက် သတင်းထောက် အများစုက ဆာဂျီယို ရာမို့စ်ကို ပြန်ရွေးမလား ဆိုတဲ့ မေးခွန်းကို မကြာခဏ မေးမြန်းလေ့ ရှိပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ဖွန်တေက သူဟာ စပိန် ကစားသမား အားလုံးကို လက်ရွေးစင် ကစားသမား ဖြစ်ခွင့် ပေးထားတာကြောင့် ရာမို့စ်သာ ခြေစွမ်းကောင်းတွေ ပြသနိုင်ရင် ရာမို့စ်ကို ပြန်ရွေးသွားမယ်လို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဖွန်တေက – “ဆာဂျီယို ရာမို့စ်က တခြား ဝါရင့် ကစားသမားတွေလိုပဲ သူနဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေကို ရသွားမှာပါ။ လက်ရွေးစင်အသင်း အတွက် ကစားသမား ရွေးချယ်ရတာက အရမ်းကို ရှည်ကြာလွန်းတဲ့ လုပ်ငန်း တခုကို လုပ်ရသလိုပါပဲ။ ပထမဦးဆုံး ကျွန်တော်တို့က စပိန်ကစားသမားတွေ အားလုံးကို လိုက်ကြည့်ရတယ်။ ပြီးရင် စကာတင် ကစားသမား ၇၀ ၊ ၈၀လောက် ရွေးထုတ်ရမယ်။ ကျွန်တော်တို့က နေရာတခု အတွက် ကစားသမား ၇ယောက် ၊ ၈ယောက်လောက်ကို ရွေးထားရတာကြောင့် အပြီးသတ် လူစာရင်း ထုတ်ပြန်ရတာဟာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ ဆာဂျီယို ရာမို့စ် ၊ အက်စ်ပက်တို့လို ခြေစွမ်းထက်ပြီး ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်နေတဲ့ ကစားသမားမျိုးတွေကို ခေါ်ယူဖို့က ကျွန်တော်တို့တွေ ပထမဦးဆုံး စဉ်းစားတတ်တဲ့ အရာတခုပါ။ ဒါပေမယ့် ဒီအချက် တခုထဲနဲ့ သူတို့က လက်ရွေးစင်တွေ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့က တခြား ကစားသမားတွေလိုပဲ သူတို့ရဲ့ တန်ဖိုးနဲ့ အရည်အသွေးကို သက်သေပြရပါဦးမယ်။ ဒါမှသာ သူတို့က အသင်းရဲ့ ခေါ်ယူမှုကို ရရှိမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။