လီဗာပူးလ်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကို အားကောင်းမောင်းသန် စတင်ဖို့ ပြင်ဆင်နေချိန်မှာ လေဗာကူဆင်အသင်းရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်ကစားသမား ဂျယ်ရမီ ဖရင်ပေါင်ကို ပြင်းပြင်းထန်ထန် စိတ်ဝင်စားနေပြီး ကနဦးခြေလှမ်းတွေ စတင်နေပြီး ဖရင်ပေါင်ကိုယ်တိုင်ကလည်း လီဗာပူးလ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
လီဗာပူးလ်ဟာ ညာနောက်ခံလူ ထရန့် အလက်ဆန်းဒါး အာနိုးရဲ့ နေရာအတွက် ဖြစ်နိုင်ချေရှိတဲ့ အစားထိုးမှုအနေနဲ့ လေဗာကူဆင် ညာနောက်ခံကစားသမား ဖရင်ပေါင်ကို ခေါ်ယူဖို့ အစောပိုင်းကတည်းက ဆောင်ရွက်နေပါတယ်။ အသက်(၂၄)နှစ်အရွယ် နယ်သာလန် နောက်ခံလူဟာ အန်ဖီးလ်မှာ သူ့ရဲ့လက်ရွေးစင် အသင်းဖော်တွေဖြစ်တဲ့ ဗန်ဒိုက် ဂက်ပို ဂရာဗန်ဘာ့ချ်တို့နဲ့ ပူးပေါင်းဖို့ စိတ်အားထက်သန်နေပြီး ဒတ်ချ်လူမျိုး နည်းပြ အာနယ် ဆလော့ရဲ့ လက်အောက်မှာ ကစားရဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပါတယ်။
Photo Credit : Football365
ဂျာမနီသတင်းရင်းမြစ်တွေရဲ့ အဆိုအရ လီဗာပူးလ်ဟာ ဖရင်ပေါင်ရဲ့ စာချုပ်ဖျက်သိမ်းကြေးနဲ့ ပတ်သက်ပြီး လေဗာကူဆင်နဲ့ ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီလျော်ကြေးဟာ ပေါင် ၂၉.၅ သန်း (ယူရို ၃၅ သန်း) ကနေ ပေါင် ၃၃.၇ သန်း (ယူရို ၄၀ သန်း)အကြား သတ်မှတ်ထားတဲ့ ပမာဏတစ်ခု ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လီဗာပူးလ်ဟာ ဖရင်ပေါင်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် (၅)နှစ်စာချုပ် ချုပ်ဆိုဖို့ပါ အသင့်ရှိနေပါတယ်။ ဒါက နည်းပြဆလော့က ထွန်းတောက်လာတဲ့ လူငယ် ညာနောက်ခံလူ ကော်နာ ဘရက်ဒလေအတွက် ပြိုင်ဘက်တစ်ဦးကို လိုချင်နေတာကြောင့်လို့လည်း ဆိုပါတယ်။
ဖရင်ပေါင်ဟာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုဲ ပွဲပေါင်း(၁၉၀)ပွဲ ကစားပြီး ဂိုး(၃၀) သွင်းယူထားသလို (၄၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဖရင်ပေါင်ဟာ နောက်ခံကစားသမား ဖြစ်ပေမယ့်လည်း ဂိုးဖန်တီးမှုလည်း ကောင်းမွန်သလို ဂိုးသွင်းအားပါ ကောင်းမွန်နေတာကြောင့် ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းတော့မယ့် အာနိုးနေရာအတွက် အကျိုးရှိတဲ့ အစားထိုးမှု ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : talkSPORT
ဒီနယ်သာလန်သားဟာ ငယ်စဉ် (၉)နှစ်သားအရွယ်တုန်းက လီဗာပူးလ်ကို ပြောင်းချင်ခဲ့ဖူးကြောင်း မကြာသေးမီက ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူ့မိဘတွေ ကားမမောင်းနိုင်တာကြောင့် သူ့ရဲ့ ငယ်ဘဝ အိပ်မက် အကောင်အထည် မပေါ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဖရင်ပေါင်က “အရင်ဆုံး လီဗာပူးလ်ကို ရွေးခဲ့ပြီး သူတို့နဲ့ စာချုပ်ချုပ်ဖို့ ပြင်ဆင်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက ကားမောင်းတာက ခေတ်မစားသေးဘူး။ ကျွန်တော့်မိသားစုက ကားမမောင်းတတ်ကြဘူး အဲဒီနေရာက ဝေးတယ်။ မန်စီးတီးက နီးတော့ နောက်ထပ် စီးတီးကို ကြိုးစားခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
ဖရင်ပေါင်ဟာ မန်စီးတီး လူငယ်အကယ်ဒမီမှာ (၉)နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် စကော့တလန် ထိပ်တန်းကလပ် ဆဲလ်တစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၂၀ မှာ နည်းပြ နေးလ် လန်နွန် လက်အောက်မှာ ဖရင်ပေါင်ဟာ ဆဲလ်တစ်နဲ့အတူ ဖလား ၃ လုံး (treble) ရခဲ့ပြီး နောက်နှစ် ဇန်နဝါရီမှာတော့ လေဗာကူဆင်ကို ပြောင်းလာခဲ့ပါတယ်။