ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လေဗာကူဆင်ရဲ့ ညာနောက်ခံလူ ဖြစ်သူ ဖရင်းပေါင်က လာမယ့် နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူထားကြောင်း နာမည်ကြီး ဂျာမန်သတင်းထောက် Sports Bildက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် ညာအစွန်လူ ဖရင်းပေါင်က ညာနောက်ခံနဲ့ ညာတောင်ပံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လေဗာကူဆင် အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၉ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဖရင်းပေါင်ရဲ့ ခြေစွမ်းတွေကြောင့်ပဲ ညာနောက်ခံလူ တဦး ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှ စတင်ကာ ဖရင်းပေါင်ကို ခေါ်ယူနိုင်ဖို့ အတွက် စည်းရုံးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖရင်းပေါင်ကလည်း နယ်သာလန်နည်းပြ ဖြစ်သူ တန်ဟက်ဂ်နဲ့ လက်တွဲချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sports Bildရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင်ကို ခေါ်ယူဖို့ အတွက် ပဏာမ သဘောတူညီမှု ရရှိထားပြီး ဖရင်းပေါင်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ ကစားဖို့ သဘောတူထားကြောင်း သိရပါတယ်။

Photo Credit: The Sun

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က ဖရင်းပေါင်ကို မခေါ်ယူခင်မှာ ရှိရင်းစွဲ ညာနောက်ခံလူ ၂ဦး ဖြစ်တဲ့ ဒါးလော့နဲ့ ဝမ် ဘစ္စကာတို့ နှစ်ဦးထဲက တဦးကို ဦးစွာ ရောင်းထုတ်ရဖို့ ရှိနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက နောက်ပိုင်းပွဲတွေမှာ တောက်လျှောက် ပွဲထွက်ခွင့် ရနေတဲ့ ဘစ္စကာကို ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာတော့ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်တဲ့ ဝက်စ်ဟမ်း ၊ ခရစ္စတယ် ပဲလေ့စ် စတဲ့ အသင်းတွေက ဘစ္စကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်က ဘစ္စကာ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း ဝန်းကျင် လိုချင်နေပါတယ်။