နယ်သာလန် လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကီ ဒီဂျောင်ဟာ ကြံခိုင်မှုဆိုင်ရာ ပြသာနာကြောင့် မကြာခင်ရက်ပိုင်းအတွင်းမှာပဲ စတင် ကျင်းပသွားတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးကို လွဲချော်သွားရတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ ဒီဂျောင်ဟာ ဘာစီလိုနာအတွက်ရော နယ်သာလန်အတွက်ပါ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း တကယ်လို့ သူ့အနေနဲ့ ဒီဒဏ်ရာ အခြေအနေ ရှိနေတာကိုတောင် ယူရိုပြိုင်ပွဲပါ ဝင်ကစားလိုက်မယ်ဆိုရင် သူ့ဒဏ်ရာက အခြေအနေဆိုးသထက် ဆိုးလာနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : Sport Max

တကယ်တော့ ဒီဂျောင်ဟာ ခြေချင်းဝတ်ဒဏ်ရာ ခံစားနေရလို့ ဘာစီလိုနာအသင်းရဲ့ ရာသီပိတ်ပွဲစဉ် (၆)ပွဲလုံး လွဲချော်ထားခဲ့ရတဲ့အပြင် ယူရို-၂၀၂၄မတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အနီးကပ် ခြေစမ်းပွဲကစားရမှာလည်း လွဲချော်ထားခဲ့ရပါသေးတယ်။

ဒီအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒီဂျောင်ဟာ အခုဆိုရင်တော့ နယ်သာလန်အသင်းရဲ့ ယူရိုလူစာရင်းကနေ နုတ်ထွက်လိုက်ပြီး ဘာစီလိုနာအသင်းဆီကို ပြန်သွားကာ ဆေးကုသမှုတွေ ခံယူရင်း လာမယ့် ဘောလုံးရာသီအတွက် ကြံခိုင်မှု အပြည့်အဝ ရှိနေစေဖို့ကိုသာ အာရုံစိုက်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : FC Barcelona Noticias

ပရော်ဖက်ရှင်နယ် ဘောလုံးသမားတိုင်းကတော့ သူတို့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေကို ပါဝင်ကစားပေးတာမျိုးတွေ လုပ်ပေးချင်ကြပေမယ့်လည်း အခုလို ဒဏ်ရာပြသာနာတွေကြောင့် ပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ရတဲ့အခါ ကစားသမားအတွက် အတော်လေး စိတ်မကောင်း စိတ်ပျက်စရာ ဖြစ်လာနိုင်ပါတယ်။

နယ်သာလန်အသင်းဘက်ကတော့ ဒီဂျောင်နေရာအတွက် နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးကိုပဲ အစားထိုး ရွေးချယ်သွားမလား ဒါမှမဟုတ် ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ လက်ကျန်ရာသီဝက်မှာ ဒေါ့မွန်အသင်းနဲ့ တောက်ပခဲ့တဲ့ ဘယ်နောက်ခံလူ မတ်ဆန်ကိုပဲ ရွေးချယ်သွားမလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။