ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် ဖရန့်က မနက်ဖြန်ညမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ပွဲစဉ်မှာ လိဂ်ပွဲ ၂ပွဲဆက် ရှုံးနိမ့်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းကို အနိုင်ရဖို့ အတွက် ရေကုန်ရေခမ်း ကြိုးစားလာမှာ ဖြစ်လို့ အဲ့ဒီပွဲအတွက် စိုးရိမ်မှုတွေ ရှိနေကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ဦးဆောင်မှုနဲ့ ကာရာဘောင်းဖလားကို သိမ်းပိုက်ထားနိုင်ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ပွဲဆက် ရှုံးပွဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာ အထိ ဆင်းပေးထားရပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒီရာသီ အဓိက ပစ်မှတ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ် လိုချင်ရင် လက်ကျန်ပွဲတွေမှာ အမှားခံလို့ မရတော့သလို ဒီတကြိမ် သူတို့နဲ့ ရင်ဆိုင်ရမယ့် အသင်းကလည်း ပထမအကျော့မှာ သူတို့အသင်းကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ ဘရန့်ဖို့ဒ် ဖြစ်နေတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီတကြိမ်မှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူဖို့ အားခဲလာမှာ အသေအချာပါပဲ။

ဘရန့်ဖို့ဒ်နည်းပြချုပ် သောမတ်စ် ဖရန့်ကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ လတ်တလော ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့နဲ့ ပထမအကျော့ ဂိုးပြတ်အရှုံးကို လက်စားချေဖို့ သူတို့အသင်းကို ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားလာမှာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်က သူတို့အသင်း အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာလိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Independent

သောမတ်စ် ဖရန့်က – “မန်ယူက တနင်္ဂနွေနေ့ညမှာ ရှုံးပွဲ ကြုံထားပါတယ်။ ဒီတော့ သူတို့က ကျွန်တော်တို့နဲ့ ပွဲမှာ အနိုင်ရချင်မှာ အသေအချာပါပဲ။ ပြီးတော့ ကျွန်တော်တို့က နောက်ဆုံးတကြိမ် တွေ့ဆုံမှုမှာလည်း သူတို့ကို အနိုင်ယူထားတာလေ။ ဒါကြောင့် သူတို့က ကစားအားကို နှစ်ဆ တိုးပြီး ကစားလာပါလိမ့်မယ်။ မန်ယူက ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းကောင်း တသင်းပါ။ ဒီပွဲက ကျွန်တော်တို့အတွက် အလွန်ကို ခက်ပါလိမ့်မယ်။ မန်ယူရဲ့ ကစားသမားတွေက ဘောလုံး ရဖို့ အသည်းအသန် ကြိုးစားကြလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ ကစားသမား အင်အားကလည်း အရမ်းကို ကြောက်စရာ ကောင်းပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။