တော့တင်ဟမ် ဟော့စပါးအသင်းရဲ့ နည်းပြ သောမတ်စ် ဖရန့်ခ်က ဘိုင်ယန်မြူးနစ်အသင်းကို ၄-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့ခြေစွမ်းဟာ ပုံမှန်အောက် များစွာလျော့ကျနေခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပြီး အဓိကပြဿနာမှာ စွမ်းအင်မရှိခြင်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် လာမယ့်သီတင်းပတ်အတွင်း ယှဉ်ပြိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းကို ရင်ဆိုင်ဖို့ အပြည့်အဝ အသင့်ဖြစ်နေမှာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
မြူးနစ်မြို့က ဒီရှုံးပွဲဟာ ဒီနွေရာသီမှာမှ စပါးအသင်းကို စတင်တာဝန်ယူခဲ့တဲ့ နည်းပြဖရန့်ခ်အတွက် ပထမဆုံးရှုံးပွဲဖြစ်ပြီး အီတလီနိုင်ငံ အူဒီးနီးစ်မြို့မှာ လက်ရှိဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ မတွေ့ဆုံမီ (၆)ရက်အလိုမှာ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပွဲစဉ်မှာ စပါးအသင်းဟာ ပထမပိုင်းမှာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဘိုင်ယန်အသင်းရဲ့ အကြီးတန်းကစားသမားတွေနဲ့ အရည်အသွေးမြင့် လူငယ်ကစားသမားတွေရဲ့ ဖိအားပေးကစားပုံကြောင့် အခြေအနေပိုဆိုးသွားခဲ့ရပါတယ်။
Photo Credit : 101 Great Goals
ပွဲအပြီး SPURSPLAY နဲ့ တွေ့ဆုံရာမှာ နည်းပြဖရန့်ခ်က “ကျွန်တော်တို့ ဒီညမှာ အရမ်းကောင်းတဲ့အသင်းတစ်သင်းနဲ့ ကစားခဲ့ရတာ ထင်ရှားပါတယ်။ ကျွန်တော့်အမြင်မှာတော့ ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ဖလားကို ရဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့က ခြေစွမ်းကောင်းပြနိုင်ခဲ့ပြီး ကျွန်တော်တို့က ခြေစွမ်းမပြနိုင်ခဲ့ဘူး။ ဒါက မကောင်းတဲ့ ပေါင်းစပ်မှုတစ်ခုပေါ့။ ဒါပေမဲ့ ဒီပွဲကနေ သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်လေ့လာရမယ့် အဖြေတချို့ကို သေချာပေါက် ရခဲ့သလို ပွဲအပြီးမှာ အေးအေးဆေးဆေး ပြန်သုံးသပ်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
“ဒါ့အပြင် ကျွန်တော်တို့အသင်းမှာ စွမ်းအင်တွေ ပျောက်ဆုံးနေပုံရတယ်။ ဒါကို ကျွန်တော်တို့ ပြန်ရှာရပါမယ်။ ဘယ်အသင်းမှ စွမ်းအင်မရှိဘဲ ကစားလို့မရပါဘူး” လို့ သူက ထပ်လောင်းပြောဆိုခဲ့ပါတယ်။ စပါးအသင်းဟာ ဟောင်ကောင်နဲ့ ဆိုးလ်မြို့တွေမှာ ပွဲတွေကစားခဲ့ရတဲ့ ခက်ခဲပင်ပန်းတဲ့ ရာသီကြိုခရီးစဉ်ကနေ ဥရောပကို ပြန်ရောက်လာခါစဖြစ်တာကြောင့် အခုလို စွမ်းအင်ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
Photo Credit : Sky Sports
ဒီရှုံးပွဲရလဒ်က စိတ်ပျက်စရာဖြစ်ပေမယ့် နည်းပြဖရန့်ခ်ကတော့ ရာသီကြိုကာလတစ်ခုလုံးကို ခြုံငုံကြည့်မယ်ဆိုရင် အကောင်းမြင်စရာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ “တစ်ခုလုံးခြုံကြည့်ရရင်တော့ အစကနေ အခုထိ အခြေအနေက အကောင်းဘက်မှာ ရှိနေပါတယ်။ ဒီနေ့ကတော့ အနုတ်လက္ခဏာဆောင်တဲ့ ခြေစွမ်းနဲ့ ရလဒ်ဖြစ်ခဲ့ပေမယ့် အာဆင်နယ်နဲ့ပွဲ နယူးကာဆယ်နဲ့ပွဲက အပိုင်းအချို့မှာလို အပြုသဘောဆောင်တဲ့ ခြေစွမ်းကောင်းတွေလည်း ရှိခဲ့ပါတယ်။ အဓိကကတော့ အသင်းရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ကစားသမားတွေဆီ ကျွန်တော်တို့ သွင်းပေးချင်တဲ့ ကစားပုံစည်းမျဉ်းတွေပါပဲ။ ကျွန်တော်တို့လိုချင်တဲ့ တည်ငြိမ်တဲ့အဆင့်ကိုရောက်ဖို့ အချိန်အနည်းငယ်ယူရမှာဖြစ်ပေမယ့် အဲ့ဒီနေရာကို ရောက်အောင်သွားနိုင်မယ်ဆိုတာကိုတော့ သံသယမရှိပါဘူး။” လို့ ဖရန့်ခ်က ရှင်းပြခဲ့ပါတယ်။
လာမယ့်သီတင်းပတ်မှာ ဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုအတွက် သူ့ကစားသမားတွေဟာ အကောင်းဆုံးတုံ့ပြန်ပြီး အသင့်ဖြစ်နေမယ်လို့လည်း နည်းပြဖရန့်ခ်က ယုံကြည်မှုအပြည့်ရှိနေပါတယ်။”အဲ့ဒီပွဲအတွက် ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း အသင့်ဖြစ်နေမှာပါ။ အဲ့ဒီအပေါ်မှာ ကျွန်တော် သံသယမရှိပါဘူး။ နောက်ထပ် (၆)ရက် အချိန်ရပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်သီတင်းပတ်တစ်ခုကို ရရှိတော့မှာပါ။ ခရီးသွားလာမှုတွေ နည်းသွားတာ ကစားသမားတွေကို စွမ်းအင်ပြန်ဖြည့်တာ လေ့ကျင့်ခန်းကောင်း ၃-၄ ကြိမ်လောက်လုပ်တာတွေနဲ့ဆိုရင် ပီအက်စ်ဂျီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ။” လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။