ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ နည်းပြချုပ် ဖြစ်သူ သောမတ်စ် ဖရန့်က ယမန်နေ့ညမှာ အာဆင်နယ်နဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)မှာ ၁-၁ ဆိုတဲ့ ရလဒ်နဲ့အတူ အဖိုးတန် သရေတမှတ် ရအောင် ယူပြီးတဲ့နောက် သူတို့အသင်းနဲ့ သရေကျခဲ့တဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဘရန့်ဖို့ဒ်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိခဲ့ပဲ ဧည့်သည် ဘရန့်ဖို့ဒ်ကတောင် အပိုင် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါတယ်။

Photo Credit: CBS Sports

အာဆင်နယ် ၁-၁ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ အဖွင့်ဂိုးကို ပွဲချိန် ၆၆မိနစ်မှာ လူစားဝင် တောင်ပံကစားသမား ထရော့ဆက်က ဆာကာရဲ့ လှပတဲ့ ဖြတ်ချိုးပေးမှုကို အပိုင် ပိတ်သွင်းကာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘရန့်ဖို့ဒ် အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၇၄မိနစ်မှာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးက ဂိုးဧရိယာအတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထား ကနေ သွင်းယူပေးခဲ့တာပါ။

အာဆင်နယ် ၁-၁ ဘရန့်ဖို့ဒ် ပွဲအပြီးမှာတော့ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က အာဆင်နယ်ဟာ သူတို့အသင်းနဲ့ သရေကျခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံးအသင်း ဖြစ်နေဆဲ ဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်ကပဲ ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောလာပါတယ်။

Photo Credit: CBS Sports

သောမတ်စ် ဖရန့်က – “အာဆင်နယ်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)ပါ။ ဒီတော့ သူတို့အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရေပန်းအစားဆုံးအသင်းပါ။ ကျွန်တော်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ အာဆင်နယ်က အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ရမှတ် ၆မှတ် ဖြတ်တောက်ထားနိုင်ပြီး အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့က အမှတ်ပေးပွဲ ၂ပွဲ ရင်ဆိုင် ကစားဖို့ ကျန်နေသေးတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ၂ပွဲက ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံကို အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။