ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့  ယာယီနည်းပြ ဖြစ်သူ ဖရန့် လမ်းပတ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဧည့်သည် ဘရိုက်တန်က သူတို့အသင်းကို ဂိုးပြတ်တောင် အနိုင်ရခဲ့သင့်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

လမ်းပတ်ရဲ့ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် ဘရိုက်တန်ကို အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ဧည့်ခံ ကစားခဲ့ရာ လမ်းပတ်က ပြီးခဲ့တဲ့ ကြားရက်မှာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ ကစားသမား အများစုကို ပွဲထွက် လူစာရင်းမှာ အသုံးပြုပြီး အဝေးဘောစနစ်နဲ့ ဘရိုက်တန်ကို ရင်ဆိုင် ကစားစေခဲ့ပါတယ်။

Photo Credit: Goal

လမ်းပတ်ရဲ့ နည်းစနစ်က ပွဲအစပိုင်းမှာ အလုပ်ဖြစ်ခဲ့ပြီး ချယ်လ်ဆီးက ပွဲချိန် ၁၃မိနစ်မှာတင် ဂါလက်ချာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ပေးခဲ့ရပြီးနောက် ဧည့်သည် ဘရိုက်တန်က သူတို့ရဲ့ ကစားအားကို တင်ကစားလာခဲ့ပြီး ဘရိုက်တန်ရဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်နဲ့ နည်းစနစ်ပိုင်း ကျေညက်နေမှုတို့ကြောင့် လမ်းပတ်ရဲ့ ချယ်လ်ဆီးဟာ ဘရိုက်တန်ကို ယှဉ်ကစားနိုင်ခြင်း မရှိတော့ပဲ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အလွယ်တကူ ခွင့်ပြုပေးခဲ့ရပါတယ်။

ဘရိုက်တန် အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန် ၄၂မိနစ်မှာ ဝဲလ်ဘက်နဲ့ ပွဲချိန် ၆၉မိနစ်မှာ လူစားဝင် ကစားသမား အန်စီဆိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ဘရိုက်တန်ဘက်ကို ၂ဂိုးဆက် ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်လ်ဆီးက ချေပဂိုး ပြန်ရဖို့ တင်ကစားလာခဲ့ပေမယ့် ဘရိုက်တန်ရဲ့ မာကျောတဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့သလို တိကျတဲ့ ကစားဟန်လည်း မရှိခဲ့တာကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ပဲ အိမ်ကွင်းမှာ ဘရိုက်တန်ကို အရှုံးပေးခဲ့ရပါတယ်။

Photo Credit: Mirror

ချယ်လ်ဆီး ၁-၂ ဘရိုက်တန် ပွဲအပြီးမှာတော့ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ဘရိုက်တန်ဟာ သူတို့အသင်းထက် အစစ အရာရာမှာ သာလွန်ခဲ့ကြောင်းနဲ့ ဘရိုက်တန်ဟာ ချယ်လ်ဆီးကို ဂိုးပြတ် အနိုင်ရခဲ့သင့်တဲ့ အထိ ခြေစွမ်းကောင်းခဲ့ကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

လမ်းပတ်က – “ကျွန်တော်က ဒီပွဲမှာ အကုန်လုံးကို စိတ်ပျက်မိပါတယ်။ ပိုကောင်းတဲ့ အသင်းက အနိုင်ရသွားတာပါပဲ။ သူတို့က ကျွန်တော်တို့ကို ဒီထက် ပိုပြတ်သားတဲ့ ရလဒ်မျိုးနဲ့တောင် အနိုင်ရဖို့ နီးစပ်ခဲ့ပါတယ်။ ကီပါရဲ့ အံ့မခန်း ကာကွယ်မှုတွေကြောင့်သာ သူတို့က ခြေစွမ်းနဲ့ ထိုက်တန်တဲ့ ရလဒ်တခုကို မရခဲ့တာပါ။ သူတို့က ဘောလုံးအသင်း တသင်းနဲ့ တူအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က လုံလောက်တဲ့ အနေအထားမျိုးမှာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့က ဘောလုံးရဲ့ အခြေခံတွေ ဖြစ်တဲ့ တိုက်ပွဲဝင်တာ ၊ ပြေးတာ စတဲ့ အရာတွေကိုတောင် မှန်ကန်အောင် မလုပ်နိုင်ခဲ့ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။