မကြာသေးမီကမှ ကစားသမားဘဝ ကနေ အနားယူသွားတဲ့ ပရီးမီးယားလိဂ် ဝါရင့် ဂိုးသမားကြီး ဘင်ဖော်စတာက လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်ကနေ ထွက်ခွာကာ ပရီးမီးယားလိဂ် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့လာဖို့ နီးစပ်နေတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ဟာ အသင်းပြောင်းမယ် ဆိုရင် မန်ချက်စတာ စီးတီးဆီ မပြောင်းပဲ မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လက်ရွေးစင် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဘာမင်ဂမ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ် ကစားသမား တဦး ဖြစ်ပြီး သူဟာ ဘာမင်ဂမ်ဟာ ကစားခဲ့စဉ်က အသင်းရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဒေါ့မွန်ဆီ အရောက်မှာလည်း သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် သက်သေပြနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဘယ်လင်ဟမ်က ယနေ့ခေတ်မှာ ရှားပါးနေတဲ့ Box to Box ကွင်းလယ်လူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့ အားလုံးက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို လာလီဂါ ထိပ်သီးကလပ် ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကလည်း ဘယ်လင်ဟမ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

ဘယ်လင်ဟမ်က ယခုအချိန်မှာ ဒေါ့မွန်နဲ့အတူ ရှိနေပေမယ့် လာမယ့် နွေဈေးကွက်မှာတော့ ဒေါ့မွန်ကို စွန့်ခွာဖို့ စဉ်းစားနေသူ ဖြစ်ပြီး ဒေါ့မွန်က သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ တောင်းဆိုဖို့ စဉ်းစားထားကာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသမားဟောင်း တဦး ဖြစ်သူ ဖော်စတာကတော့ ဘယ်လင်ဟမ်ဟာ မန်ချက်စတာမြို့ဆီ ပြောင်းရွှေ့လာမယ် ဆိုရင် မန်ချက်စတာ စီးတီး အစား မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့သင့်ကြောင်းကို ဂရီးလစ်ရှ်အား ဥပမာပေးရင်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ဖော်စတာက – “ကျွန်တော်ကတော့ ဘယ်လင်ဟမ်ဟာ မန်ချက်စတာ စီးတီးလိုမျိုး အသင်းဆီ ပြောင်းသွားရင် ဂရီးလစ်ရှ်ရဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့မှာကို စိုးရိမ်နေမိပါတယ်။ (ဂရီးလစ်ရှ် တယောက် ပုံမှန်ကစားခွင့် မရမှုအား ရည်ရွယ်လျက်) ဘယ်လင်ဟမ်က မန်ချက်စတာ စီးတီးဆီ ရောက်သွားရင် အခုလိုမျိုး ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ရလိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ သူ့ကို မန်ချက်စတာ ယူနိုက်တက်ဆီပဲ ပြောင်းရွှေ့စေချင်ပါတယ်။ ယူနိုက်တက်ကို ရောက်သွားရင် သူက သေချာပေါက် ပွဲထွက်ခွင့်တွေ ရမှာ ဖြစ်သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။