ဂရေဟမ် ပေါ်တာရဲ့ ရာထူးဟာ ဖိအားတွေအောက် ကျရောက်နေချိန်မှာ နည်းပြလောကရဲ့ “The Special One” ဂျိုဆေး မော်ရင်ဟိုတစ်ယောက် လန်ဒန်အရှေ့ပိုင်းကို အံ့အားသင့်ဖွယ် ပြန်လည်ရောက်ရှိလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါ်တူဂီနည်းပြကြီးဟာ လန်ဒန်မှာ ပြန်လည်အခြေချပြီး အလုပ်လုပ်ကိုင်လိုကြောင်း အကြိမ်ကြိမ် အရိပ်အမြွက်ပြောကြားထားဖူးသူဖြစ်ပြီး အခုအခါမှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ နည်းပြရာထူးအတွက် အလေးအနက်ထား စဉ်းစားခံနေရသူ ဖြစ်လာပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ကင်းထောက်ဟောင်း မစ်ခ် ဘရောင်းက မော်ရင်ဟိုဟာ လန်ဒန်မြို့တော်ကိုချစ်မြတ်နိုးဆဲဖြစ်ပြီး အိမ်တစ်လုံးလည်း ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒီအချက်က ဝက်စ်ဟမ်းအသင်းရဲ့ စိတ်မရှည်တော့တဲ့ ဘုတ်အဖွဲ့အတွက် သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေခဲ့ပါတယ်။

Photo Credit : Goal

ပေါ်တာဟာ အသင်းကို တည်ငြိမ်မှုပေးပြီး ပုံစံသစ်တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ခန့်အပ်ခံခဲ့ရပေမယ့် (၇)လအကြာမှာ သူ့ရဲ့နည်းပြဘဝဟာ ယိုင်နဲ့နေပါပြီ။ ရာသီအဖွင့်မှာ ဆန်းဒါးလန်းကို ၃-ဝ၊ အိမ်ကွင်းမှာ ချယ်လ်ဆီးကို ၅-၁ ဆိုတဲ့ အရှက်တကွဲရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပရိသတ်အများအပြားက သူ့အပေါ် စိတ်ပျက်နေကြပါတယ်။

နော်တင်ဟမ်ဖောရက်စ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲက သူ့အတွက် ခေတ္တအသက်ရှူချောင်စေခဲ့ပေမယ့် ရလဒ်တွေ ဆက်တိုက်ဆိုးရွားပါက ရာထူးကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ အတွင်းသတင်းတွေက ဆိုပါတယ်။ “မော်ရင်ဟို ဝက်စ်ဟမ်းနည်းပြရာထူးကို လိုချင်မှာပါ” ကင်းထောက်ဟောင်း မစ်ခ် ဘရောင်းက “ဂျိုဆေး မော်ရင်ဟိုက ဝက်စ်ဟမ်းအလုပ်ကို လိုချင်မှာ သေချာပါတယ်။” လို့ ဆိုပါတယ်။

Photo Credit : Caught Offside

“သူက လန်ဒန်ကို ပြန်လာချင်နေတာ။ ကျွန်တော်သိသလောက် သူအဲ့ဒီမှာ အိမ်ရှိသေးတယ်၊ အဲ့ဒီမြို့မှာနေရတာကိုလည်း သူကြိုက်တယ်။ ဒါကြောင့် လန်ဒန်ကလပ်တွေထဲမှာ သူ့အတွက် ရွေးချယ်စရာ သန်းနဲ့ချီမရှိပါဘူး။ ချယ်လ်ဆီးက မဖြစ်နိုင်ဘူး၊ စပါးလည်း မဖြစ်နိုင်ဘူး၊ အာဆင်နယ်လည်း မဖြစ်နိုင်ဘူး။ ဝက်စ်ဟမ်းကတော့ ဖြစ်နိုင်ခြေအရှိဆုံးပဲ။ ပေါ်တာကို အခုချက်ချင်းထုတ်ပယ်မယ်လို့တော့ ကျွန်တော်မထင်ဘူး။ ဖောရက်စ်ကို အနိုင်ရလိုက်တာက သူ့ကို အချိန်နည်းနည်းထပ်ပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းကတော့ အချိန်မရွေး နည်းပြသစ်ရှာရနိုင်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားမှာဖြစ်ပြီး မော်ရင်ဟိုက အဲ့ဒီစာရင်းထဲမှာ ပါချင်နေမှာ သေချာပါတယ်။” လို့ ဘရောင်းက သုံးသပ်ခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းတာဝန်ရှိသူတွေဟာ ပေါ်တာရဲ့နေရာကို အစားထိုးဖို့ တိတ်တဆိတ် စတင်စုံစမ်းနေပြီဖြစ်ပါတယ်။ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်အောင်မြင်မှု၊ မန်ယူနဲ့ ဥရောပအောင်မြင်မှုတွေအပါအဝင် ဆုဖလားများနှင့်ပြည့်နှက်နေသော မော်ရင်ဟိုရဲ့ CV က သူ့ကို ထိပ်ဆုံးကနေ ရွေးချယ်စရာဖြစ်စေပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းအတွက် အခြားရွေးချယ်စရာတွေလည်း ရှိနေပါတယ်။ လက်ရှိ ကိုဗင်ထရီစီးတီးနည်းပြဖြစ်သူ ဖရန့် လမ်းပတ်ကလည်း သူ့ရဲ့မိသားစုဟာ ဝက်စ်ဟမ်းနဲ့ သမိုင်းအစဉ်အလာရှိတာကြောင့် ရေပန်းစားနေတဲ့သူတစ်ဦး ဖြစ်ပါတယ်။