မန်ယူနိုက်တက်အသင်းက ဒီနွေမှာ ကွင်းလယ် နဲ့ တိုက်စစ်ပိုင်းတွေအတွက် ဟွိုင်လန်း မေဆန်မောင့် အမ်မရာဘတ်တို့ကို ခေါ်ယူတယ်။ အီလန်ဂါ ဖရက်ဒ်တို့ကို ရောင်းချတယ်။ ဂရင်းဝုဒ်ကို အငှားချတယ်။ ဗက်ဟို့စ်ကိုလည်း အပြီးသတ် မခေါ်ပဲနဲ့ ဘန်လေဆီ ပြန်လည် ပို့ဆောင်ခဲ့တယ်။

အသင်းတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် မာရှယ် အန်တိုနီ ဂါနာချို ပယ်လစ်စထရီ အာမတ်တို့အပြင် ဟွိုင်လန်းပါ ရောက်လာလို့ ရပ်ရှ်ဖို့ဒ်က သူကစားချင်ဆုံး နေရာ တိုက်စစ်ဘယ်ခြမ်းမှာ ထားပြီး ညာမှာ အန်တိုနီ အထောင်နေရာမှာ ဟွိုင်လန်းနဲ့ ယူနိုက်တက် တိုက်စစ်အစုအဖွဲ့နဲ့ မျှော်လင့်ချင်စရာ ဖြစ်ခဲ့ပါတယ်။

Photo Credit : centredevils

ဒါပေမယ့်လည်း အခု ပရီးမီးယားလိဂ် (၁၈)ပွဲထိ ကစားပြီးချိန် ယူနိုက်တက်အတွက် ဂိုးသွင်းအများဆုံး ကစားသမားက တွမ်မီနေး ဖြစ်နေပါတယ်။ အသင်းရဲ့ တိုက်စစ်ကစားသမားတွေထဲ လိဂ်ဂိုးအများဆုံး သွင်းယူထားတဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးအရေအတွက်ဟာလည်း (၂)ဂိုးတည်းသာ ရှိနေပါတယ်။

အသင်းတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ်ဂိုး (၂)ဂိုး ၊ မာရှယ်က (၁)ဂိုး ၊ ဂါနာချိုက (၁)ဂိုးနဲ့ ကစားသမားသစ်လေး ဟွိုင်လန်း အပါအဝင် အန်တိုနီ ၊ ပယ်လစ်စထရီတို့ကတော့ ခုထိ ဒီရာသီမှာ ဂိုးပေါက်ပျောက်လျက်သာ ရှိနေပါတယ်။

Photo Credit : X

ဒီအချိန်မှာ နော်တင်ဟမ်ဆီ ရောက်နေတဲ့ အီလန်ဂါက သူရဲ့နော်တင်ဟမ် ကြောင်ပျောက်နေချိန်မှာတောင် (၄)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးထားပေးနိုင်ပါတယ်။ နောက်ပြီး အမှုကိစ္စတွေကြောင့် အသင်းမှာ ဆက်သုံးမရလို့ ဂီတာဖေးဆီ အငှားချလိုက်ရတဲ့ ဂရင်းဝုဒ်ဟာဆိုရင်လည်း လာလီဂါဂိုး (၃)ဂိုးထိ သွင်းယူခဲ့သလို (၄)ဂိုးဖန်တီးခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်မှာ အင်တိုက်အားတိုက် ကစားပေးနိုင်ခဲ့ပေမယ့် အသင်းဆီ အပြီးသတ် ပြောင်းခွင့်မရတဲ့ ဗက်ဟို့စ်တောင် အခု ဘွန်ဒက်စ်လီဂါမှာ သူရဲ့ကလပ်အသင်းသစ် ဟော်ဖန်ဟင်မ်အတွက် (၄)ဂိုးထိ သွင်းထားပါတယ်။ နောက်ဆုံး ဘုရားစူး ဖရက်ဒ်တောင်မှ ဒီရာသီ ဖီနာဘာချီမှာ ဂိုးဖန်တီးမှု (၂)ကြိမ် (ကွန်းဖရန့်စ်လိဂ်ပါ ထည့်ပြောရင် (၆)ကြိမ်)ထိ လုပ်ဆောင်ခဲ့ပါသေးတယ်။