အာဆင်နယ်အသင်း နည်းပြ မီခယ်လ် အာတေတာဟာ သူ့ရဲ့ နည်းပြအဖွဲ့ကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။ ကားလို့စ် ကွယ်စတာ ထွက်ခွာသွားပြီးနောက် ပရီးမီးယားလိဂ်ဖလားရှင် ကစားသမားဟောင်း ဂါဘရီယယ် ဟိန့်ဇီကို ခန့်အပ်ဖို့ သေချာသလောက် ရှိနေပါတယ်။
The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ ကစားသမားဘဝက အနားယူပြီးနောက် Godoy Cruz၊ Atlanta United နဲ့ Newell’s Old Boys အသင်းတွေကို နည်းပြခဲ့ဖူးတဲ့ ဂါဘရီယယ် ဟိန့်ဇီဟာ လာမယ့်ရာသီသစ်မတိုင်ခင် အာတေတာရဲ့ နည်းပြအဖွဲ့ဝင်သစ်အဖြစ် ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ဟိန့်ဇီဟာ မန်ချက်စတာ ယူနိုက်တက်၊ ရီးယဲလ် မက်ဒရစ်နဲ့ အာဂျင်တီးနားအသင်းတွေမှာ နောက်ခံလူအဖြစ် ထွန်းတောက်ခဲ့သူပါ။
Photo Credit : talkSPORT
ဟိန့်ဇီဟာ ဗဟိုနောက်ခံလူနဲ့ ဘယ်နောက်ခံလူအဖြစ် ကစားခဲ့သူဖြစ်ပြီး အတွေ့အကြုံများစွာနဲ့ ပြည့်စုံသူပါ။ အင်္ဂလန်၊ စပိန်၊ ပြင်သစ်လိဂ်ဖလားတွေကို ဆွတ်ခူးခဲ့ဖူးပြီး ၂၀၀၄ ခုနှစ် အိုလံပစ်မှာလည်း အာဂျင်တီးနားနဲ့အတူ ရွှေတံဆိပ်ရခဲ့ပါတယ်။ သူ့နိုင်ငံအတွက် နိုင်ငံတကာပွဲပေါင်း ၇၂ ပွဲ ကစားခဲ့ပြီး ကမ္ဘာ့ဖလားပွဲစဉ် နှစ်ကြိမ် ပါဝင်ကစားခဲ့ဖူးပါတယ်။
အာတေတာနဲ့ ဟိန့်ဇီတို့ဟာ ၂၀၀၁-၂၀၀၂ ရာသီတုန်းက ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးပါတယ်။ ဟိန့်ဇီဟာ အာဆင်နယ်နည်းပြအဖွဲ့ကို ရောက်ရှိလာတဲ့အခါ လက်ထောက်နည်းပြ အဲလ်ဘတ် စတိုင်ဗန်ဘတ်ဂ်၊ ဖရီးကစ်အထူးနည်းပြ နီကိုလပ်စ် ဂျိုဗာ နဲ့ ဂိုးသမားနည်းပြ အီနာကီ ကာနာတို့နဲ့ လက်တွဲလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
Photo Credit : Fabrizio Romano
၂၀၂၄ ခုနှစ်တုန်းက အာတေတာဟာ ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့ သူ့ရဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ရာမှာ “ကျွန်တော့်ကို လှုံ့ဆော်မှုပေးခဲ့တဲ့ တခြားသူတွေကတော့ (မော်ရစ်စီယို)ပိုချက်တီနိုနဲ့ ဟိန့်ဇီတို့ပဲ။ သူတို့နှစ်ယောက်ဟာ အချိန်တိုင်း ကျွန်တော့်ဘေးမှာ ရှိနေပြီး ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝမှာ လုပ်ရမယ့်အရာအားလုံးကို လမ်းညွှန်ပေးခဲ့တယ်။ ဘောလုံးပွဲကို ဘယ်လို နားလည်ရမလဲဆိုတာကို သူတို့က လှုံ့ဆော်မှု ပေးခဲ့ကြတယ်” လို့ ပြောခဲ့ပါတယ်။
ဟိန့်ဇီဟာ အာတေတာနဲ့အတူ အာဆင်နယ်အသင်းရဲ့ ရာသီကြို လေ့ကျင့်ရေးစခန်းကို စတင်ပူးပေါင်းဖို့ မျှော်မှန်းထားပါတယ်။ ရာသီကြို လေ့ကျင့်ရေးကို စပိန်မှာ စတင်မှာဖြစ်ပြီး ဇူလိုင်လကုန်မှာတော့ အာရှခရီးစဉ် ထွက်ခွာမှာဖြစ်ပါတယ်။ အာရှခရီးစဉ်မှာ အေစီမီလန်၊ နယူးကာဆယ်နဲ့ စပါးတို့နဲ့ ခြေစမ်းပွဲတွေ ကစားရဖို့ရှိပါတယ်။ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်ရာသီသစ်ကတော့ သြဂုတ်လ ၁၇ ရက်နေ့မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ စတင်မှာပဲ ဖြစ်ပါတယ်။