ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကီလီယန် အမ်ဘာပေဟာ အလာဗက်စ် ကွင်းလယ်ကစားသမား အန်တိုနီယို ဘလန်ကိုကို ပြုလုပ်ခဲ့တဲ့ ရက်စက်တဲ့ ကစားပုံ ကြမ်းတမ်းမှုအတွက် (၁၀)ပွဲ ပွဲပယ်ခံရသင့်တယ်လို့ ဒိုင်လူကြီးဟောင်းတစ်ဦးက တောင်းဆိုလိုက်ပါတယ်။

မနေ့ညက ရီးယဲလ်အသင်း အလာဗစ်ကို (1-0) နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ရဲ့ (၃၈)မိနစ်မှာ အမ်ဘာပေဟာ ဘလန်ကိုကို ခြေသလုံးကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဘာပေအတွက်တော့ သူ့ ကစားသမားဘဝရဲ့ (၅)ကြိမ်မြောက် အနီကတ်ဖြစ်ပြီး (၆)နှစ်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

Photo Credit : Football Insider

ဒိုင်လူကြီးဟောင်းနဲ့ အင်္ဂလိပ် ပရော်ဖက်ရှင်နယ်ဂိမ်း ဒိုင်လူကြီးများအဖွဲ့ (PGMOL) ရဲ့ အကြီးအကဲဟောင်း ကိတ် ဟက်ကတ်က ဒီလုပ်ရပ်ကို ရက်စက်တယ်လို့ သတ်မှတ်ပြီး ပြိုင်ဘက်ကစားသမားရဲ့ ဘေးကင်းမှုကို ထိခိုက်စေတဲ့ ဒီလို တိုက်ခိုက်မှုမျိုးကို ဘောလုံးလောကမှာ လက်ခံလို့မရဘူးလို့ Football Insider ကို ပြောကြားခဲ့ပါတယ်။

“အမ်ဘာပေရဲ့ ကစားပုံ ကြမ်းတမ်းမှုဟာ ရက်စက်တယ်။ ဒါက ပြိုင်ဘက်ရဲ့ ဘေးကင်းမှုကို အန္တရာယ်ဖြစ်စေတယ်။ ဒိုင်လူကြီးက အနီကတ်ပြပြီး လျင်မြန်စွာ ဆုံးဖြတ်ခဲ့တယ်။ အခု အာဏာပိုင်တွေအနေနဲ့ ဒီလိုတိုက်ခိုက်မှုမျိုးကို ပွဲတွေထဲမှာ နေရာမပေးနိုင်ဘူးဆိုတာကို ပြသဖို့ အမ်ဘာပေကို (၁၀)ပွဲပယ် ပြစ်ဒဏ်ပေးသင့်တယ်။ ဘောလုံးထဲက ဘယ်ကစားသမားပဲဖြစ်ဖြစ် ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့ လိုပါတယ်။” လို့ ဟက်ကတ်က ဆိုပါတယ်။

Photo Credit : Goal

ဒါပေမယ့် (၁၀)ပွဲပယ်ခံရဖို့ကတော့ ဖြစ်နိုင်ခြေနည်းပုံရပြီး အသက်(၂၆)နှစ်အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ပြည်တွင်းပြိုင်ပွဲတွေမှာသာ သက်ရောက်မယ့် (၃)ပွဲပယ် ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် သူဟာ ဘီလ်ဘာအို ဂီတာဖေးတို့နဲ့ လာလီဂါပွဲစဉ်တွေအပြင် ဘာစီလိုနာနဲ့ ကိုပါဒယ်လ်ရေးဖလား ဗိုလ်လုပွဲကိုပါ လွဲချော်နိုင်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာတော့ အမ်ဘာပေကစားခွင့်ရှိဦးမှာပါ။

ဒီဖြစ်ရပ်ဟာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြီး ဘာပေရဲ့ ဒီလို ကစားပုံ ကြမ်းတမ်းမှုကိုကို ရွိုင်ကိန်းရဲ့ အယ်လ်ဖီ အင်ဂျီ ဟာလန်းအပေါ် ဖျက်ထုတ်မှုနဲ့ နှိုင်းယှဉ်ပြောဆိုသူတွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်တစ်ဦးက အတော်ဆိုးရွားတဲ့ တိုက်ခိုက်မှုလို့ မှတ်ချက်ပေးခဲ့သလို နောက်တစ်ဦးကလည်း ရက်စက်တဲ့ တိုက်ခိုက်မှုလို့ ဆိုခဲ့ပါတယ်။ တတိယတစ်ဦးကတော့ ဒါက ကိန်း-ဟာလန်း တိုက်ခိုက်မှုလိုပဲ အရမ်းဆိုးရွားတယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်တစ်ဦးက ဒီလိုလုပ်ရပ်အတွက် သူ့ကို ဘောလုံးကစားရာကနေ ပိတ်ပင်သင့်တယ်လို့ပါဆိုခဲ့ပါတယ်။