လီဗာပူးလ်အသင်းရဲ့ မကြာသေးမီက ရွှေခေတ်မှာ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သူ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း အဒမ် လယ်လာနာဟာ အသက် ၃၇ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးလောကကနေ အနားယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။

သူဟာ ဒီဆုံးဖြတ်ချက်ကို လူမှုကွန်ရက်ကနေတစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ ကြေညာချက်တစ်ခုနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ၁၈ နှစ်ကြာမြင့်ခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝခရီးလမ်းကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

Photo Credit : FourFourTwo

လယ်လာနာဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၃၄ ပွဲ ကစားပေးခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အဓိက ဆုဖလားကြီးတွေကို ကိုင်မြှောက်နိုင်ခဲ့တဲ့ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။

လယ်လာနာက သူ့ရဲ့ ဘောလုံးသမားဘဝကို ဆောက်သမ်တန်အသင်းမှာ စတင်ခဲ့ပြီး အဲ့ဒီအသင်းမှာပဲ ပြန်လည်အဆုံးသတ်ခဲ့တာဖြစ်လို့ ထူးခြားခမ်းနားတဲ့ အဆုံးသတ်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

Photo Credit : Goal

လယ်လာနာဟာ ဆောက်သမ်တန်လူငယ်အကယ်ဒမီကနေ ထိုးဖောက်တက်လှမ်းလာခဲ့ပြီး ၂၀၀၆ ခုနှစ် အသက် ၁၈ နှစ်အရွယ်မှာ အသင်းကြီးအတွက် ပွဲဦးထွက်ကစားခဲ့ပါတယ်။ သူဟာ အသင်းမှာ ပထမအကြိမ် ကစားခဲ့စဉ်က ပွဲပေါင်း ၂၅၀ ကျော် ပါဝင်ခဲ့ပြီး အသင်းကို လိဂ်ဝမ်းကနေ ပရီးမီးယားလိဂ်ဆီ နှစ်ရာသီဆက်တိုက် တန်းတက်အောင် ဦးဆောင်ကူညီပေးခဲ့တဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။

အောင်မြင်မှုများစွာရရှိပြီးနောက် ၂၀၂၄ ခုနှစ်မှာ သူချစ်တဲ့ စိန့်မေရီကွင်းဆီ ပြန်လည် ရောက်ရှိလာပြီး ကစားသမားဘဝကို အဆုံးသတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီမှာ သူ့ရဲ့ငယ်ဘဝကလပ် ဆောက်သမ်တန်အသင်း တန်းဆင်းသွားခဲ့ရပေမယ့် လယ်လာနာအတွက်တော့ နောင်တတရားကင်းစွာနဲ့ ကစားသမားဘဝကို ကျေနပ်စွာ အဆုံးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။