လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဂျော်ဒန် ဟန်ဒါဆန်ဟာ အခုလက်ရှိမှာတော့ ပြင်သစ် လီဂူးဝမ်းကလပ် မိုနာကိုအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေပြီဖြစ်ပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့က အထမြောက် ဖြစ်ပေါ်လာဖွယ် ရှိနေရပါတယ်။
အသက်(၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန်ကွင်းလယ်လူ ဟန်ဒါဆန်ဟာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်စ်အသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့် အခု ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရထားတဲ့ မိုနာကိုအသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိသွားတော့မှာ ဖြစ်ပါတယ်။
Photo Credit : Transfermarket
လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအထိ ဖြတ်သန်းခဲ့ဖူးတဲ့ ဟန်ဒါဆန်ဟာ လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀၀)နီးပါးလောက်အထိ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။
၂၀၂၃မှာ လီဗာပူးလ် ကစားသမားဟောင်းကြီး ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ ဟန်ဒါဆန်ဟာ လပိုင်းလောက်အကြာမှာပဲ အယ်လ်အစ်တီဖာနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး နယ်သာလန်ကလပ် အေဂျက်စ်အသင်းဆီကို (၂)နှစ်ခွဲစာချုပ် free transfer နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit : Eurosport
ဟန်ဒါဆန်က အေဂျက်စ်မှာလည်း အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူ ကစားနေရပေမယ့် အခု အေဂျက်စ်ကနေ သူရဲ့ လီဗာပူးလ် အသင်းဖော်ဟောင်း တာကူမီ မီနာမီနိုရဲ့ လက်ရှိအသင်းဖြစ်တဲ့ မိုနာကိုအသင်းဆီ ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။
မိုနာကိုအသင်းက ဒီရာသီ ပြင်သစ်လီဂူး အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာနဲ့ ရပ်တည်နေသလို ပုံစံသစ်နဲ့ ကျင်းပနေတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း ရှုံးထွက်ပလေးအော့အဆင့်ထိ တက်လှမ်းထားနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ဟန်ဒါဆန်လို ဘောလုံးအတွေ့အကြုံကောင်းတွေ ပြည့်ဝနေတဲ့ ကစားသမားတစ်ဦးကို ခေါ်ယူနိုင်တော့မှာက မိုနာကိုအတွက် အကျိုးရှိတဲ့ ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။