အမေရိကန်ဘောလုံးလောကရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ အဲလက်စ်ဆီ လာ့လက်စ်က အင်တာ်မိုင်ယာမီကြယ်ပွင့် လီယွန်နယ် မက်ဆီရဲ့ MLS All-Star ပွဲကို ပါဝင်ကစားရန် ငြင်းဆန်ခဲ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားလိုက်ပြီး တစ်ချိန်တည်းမှာပင် မိုင်ယာမီ အသင်းပိုင်ရှင် ဂျော့ချ်မက်စ်နဲ့ မကြာသေးမီက MLS သို့ပြောင်းရွှေ့ဖို့ သတင်းထွက်နေသော သောမတ်စ် မူလာ၊ ဆွန်ဟောင်မင်တို့အပေါ် ချီးကျူးစကားဆိုခဲ့ပါတယ်။
USMNT ကစားသမားဟောင်းနဲ့ MLS အထွေထွေမန်နေဂျာဟောင်းတစ်ဦးဖြစ်သူ လာ့လက်စ်က မက်ဆီဟာ MLS All-Star ပွဲကိစ္စတွင် တရားမဝင်ဆက်ဆံခံရပြီး သားကောင်ဖြစ်သွားသယောင် ပြောဆိုနေမှုများကို ပယ်ချခဲ့ပြီး လိဂ်ရဲ့အကြီးကျယ်ဆုံးကြယ်ပွင့်တစ်ဦးအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေရှိကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
Photo Credit : Goal
သူ့ရဲ့ “State of the Union” ပေါ့ဒ်ကတ်စ်မှာ လာ့လက်စ်က “ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပုံနဲ့ တုံ့ပြန်မှုတွေက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ အခုချိန်မှာ မက်ဆီကို MLS ရဲ့ ဖွဲ့စည်းပုံနဲ့ All-Star ပွဲလို အယူအဆတွေကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ သူတော်စင်တစ်ပါးလို ပုံဖော်နေကြတာကတော့ နည်းနည်းပိုလွန်းပြီး မိုက်မဲရာကျပါတယ်။” လို့ စတင်ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူက “သူ စာချုပ်ချုပ်ခဲ့တယ်။ All-Star ပွဲမှာ ကစားပေးဖို့ဆိုတာ သူ့စာချုပ်ရဲ့ တစ်စိတ်တစ်ပိုင်းမှန်း သူသိတယ်။ ဒါကြောင့် စည်းမျဉ်းတွေကို သူသိပြီးသားပါ။ ဒီတော့ မက်ဆီ၊ မင်း ရင့်ကျက်သင့်ပြီ။ မင်း ပါဝင်ကစားပေးရမယ်။ တကယ်လို့ All-Star ပွဲမှာ မကစားချင်ခဲ့ဘူးဆိုရင် စာချုပ်ချုပ်တဲ့အချိန်မှာ မင်းမှာ ညှိနှိုင်းခွင့်အပြည့်အဝရှိခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက စာချုပ်ထဲကနေ ထုတ်ပယ်ဖို့ ညှိနှိုင်းခဲ့သင့်တယ်။” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
Photo Credit : Yahoo Sports
တစ်ဖက်မှာလည်း လာ့စ်က မိုင်ယာမီအသင်းပိုင်ရှင် ဂျော့ချ်မက်စ်ကို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် ဂျော့ချ်မက်စ်ကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူက MLS အတွက် တကယ်လိုအပ်နေတဲ့ စနစ်ကို စိန်ခေါ်ပြောင်းလဲလိုတဲ့ ရည်မှန်းချက်ကြီးတဲ့သူမျိုး ဖြစ်နေလို့ပဲ။ သူက သူ့ကစားသမားတွေကို ကာကွယ်ပေးမှာမှန်း ကျွန်တော်သိပေမယ့် သူဟာ ဒီ့ထက်ပိုပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိနေတာကို မြင်နိုင်ပါတယ်။ သူက MLS နဲ့ သူ့အသင်းကို ပိုပြီးတိုးတက်အောင် လုပ်ချင်နေတဲ့သူပါ” လို့ ဆိုပါတယ်။
မကြာသေးမီက ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သောမတ်စ်မူလာ MLS သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လာ့စ်က “သောမတ်စ်မူလာရဲ့ကိစ္စက စိတ်ဝင်စားဖို့ကောင်းတယ်။ ဗန်ကူးဗား ဝှိုက်ကက်ပ်စ်အသင်းက သူ့အတွက် ကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူက အသက်အရွယ်ရနေပြီလို့ထင်ရပေမယ့် ကစားနိုင်စွမ်း နည်းနည်းကျန်သေးတယ်လို့ ကျွန်တော်ထင်တယ်။ ဗန်ကူးဗားကလည်း သိပ်ကိုလှပတဲ့မြို့တစ်မြို့ပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဆွန်ဟောင်မင် LAFC အသင်းသို့ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး “ဒါဟာ LAFC အတွက် သိပ်ကိုကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်လာမှာပါ။ ဆွန်က ကိုရီးယား-အမေရိကန် ပရိသတ်တွေအတွက် မဟုတ်ဘဲ ဘောလုံးပရိသတ်အားလုံးက ‘ဒါကတော့ သွားကြည့်သင့်တဲ့ ကစားသမားပဲ’ လို့ အသိအမှတ်ပြုထားတဲ့ ကြယ်ပွင့်တစ်ဦးပါ။ သူက မယုံနိုင်လောက်အောင် အရည်အချင်းရှိပြီး နှစ်ပေါင်းများစွာ ဒါကို သက်သေပြခဲ့ပြီးသားပါ။ LAFC အသင်းက သူ့ကို ကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်” လို့ ချီးကျူးပြောကြားခဲ့ပါတယ်။