ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ ဝုလ်ဗ်နဲ့ စပါးတို့ရဲ့ နည်းပြဟောင်း ဖြစ်သလို မကြာသေးမီကမှ ဆော်ဒီ ထိပ်သီးကလပ် အယ် အတ်တီဟတ်နဲ့ လမ်းခွဲထားတဲ့ ပေါ်တူဂီနည်းပြ နူနို ဆန်တိုက မကြာခင်မှာ ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်ရဲ့ နည်းပြချုပ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

အသက် ၄၉နှစ် အရွယ် ပေါ်တူဂီလူမျိုး နည်းပြချုပ် နူနို ဆန်တိုက စပါး ၊ ဝုလ်ဗ် ၊ ဗလင်စီယာ ၊ ပေါ်တို စတဲ့ ဥရောပ နာမည်ကြီးကလပ်တွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြကောင်း တဦး ဖြစ်ပြီး သူက တိုက်စစ်အားသန် ကစားကွက်တွေကို ထုတ်သုံးလေ့ ရှိပါတယ်။

Photo Credit: Sky Sports

နူနို ဆန်တိုက ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ စပါး ၊ အတ်တီဟတ် စတဲ့ သက်ဆိုင်ရာလိဂ်တွေရဲ့ အင်အားကြီးကလပ်တွေကို ကိုင်တွယ်ခဲ့ရပေမယ့် ကံမကောင်းစွာနဲ့ အချိန်တိုအတွင်းမှာ နှစ်သင်းစလုံးနဲ့ လမ်းခွဲခဲ့ရပါတယ်။

တဖက်မှာတော့ ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ် ဖောရက်စ်က ဒီရာသီမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နော်တင်ဟမ် ဖောရက်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲ ၅ပွဲဆက်လည်း နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ နော်တင်ဟမ် ဖောရက်စ်ရဲ့ တာဝန်ရှိသူတွေက နည်းပြချုပ် ကူးပါးနဲ့ လမ်းခွဲကာ အသင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်မယ့် နာမည်ကြီး နည်းပြ တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး နော်တင်ဟမ် ဖောရက်စ်ရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ နူနို ဆန်တိုပဲ ဖြစ်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ နော်တင်ဟမ် ဖောရက်စ်က နူနို ဆန်တိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီး နူနို ဆန်တိုဟာ အခုချိန်မှာ အင်္ဂလန်နိုင်ငံဆီ ခရီးနှင်နေကာ မကြာခင်မှာပဲ နော်တင်ဟမ် ဖောရက်စ်က နူနို ဆန်တိုကို သူတို့ရဲ့ နည်းပြသစ် အဖြစ် တရားဝင် ကြေညာမယ်လို့ သိရပါတယ်။