ဘူဂေးရီးယားဘောလုံးကလပ် အာဒါ ကာ့ဒ်ဇါလီအသင်းဟာ သူတို့အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးအတွက် တစ်မိနစ် ငြိမ်သက်အောက်မေ့ပွဲ ပြုလုပ်ခဲ့ပြီးနောက် အဲဒီကစားသမားက အသက်ရှင်နေသေးကြောင်း သိရှိခဲ့ရတာကြောင့် ဒီအမှားကြီးတစ်ခုအတွက် တောင်းပန်စကား ထုတ်ပြန်ခဲ့ရပါတယ်။
ဘူဂေးရီးယား ပထမတန်းလိဂ်မှာ ဒုတိယနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေတဲ့ အာဒါ ကာ့ဒ်ဇါလီနဲ့ လဗ်စကီ ဆိုဖီယာတို့ဟာ တနင်္ဂနွေနေ့မှာ ကာ့ဒ်ဇါလီမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ပွဲစတင်ခင် ကွင်းလယ်စည်ဝိုင်းမှာ အသင်းနှစ်သင်းလုံး စုဝေးပြီး အာဒါရဲ့ ကစားသမားဟောင်း ပက်ကို ဂန်ချက်ဗ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တစ်မိနစ် ငြိမ်သက်အောက်မေ့ပွဲ ပြုလုပ်ခဲ့ပါတယ်။
Photo Credit : Metro
ဒါပေမယ့် ပွဲမပြီးခင်မှာပဲ အာဒါအသင်းဟာ ဂန်ချက်ဗ်က အမှန်တကယ် အသက်ရှင်နေသေးတယ်ဆိုတာ သိရှိခဲ့ရပြီး သူနဲ့ သူ့မိသားစုကို တောင်းပန်တဲ့ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရပါတယ်။ ထုတ်ပြန်ချက်မှာ “PFC အာဒါရဲ့ စီမံခန့်ခွဲမှုအဖွဲ့ဟာ အသင်းရဲ့ ကစားသမားဟောင်း ပက်ကို ဂန်ချက်ဗ်နဲ့ သူ့ရဲ့ ချစ်ခင်ရသူတွေကို အလွန်နက်နဲတဲ့ တောင်းပန်စကား ပြောကြားလိုပါတယ်။”
“ကလပ်က သူ့ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး မမှန်တဲ့ သတင်းအချက်အလက် ရရှိခဲ့တာကြောင့် ဒီလိုဖြစ်ခဲ့တာပါ။ ပက်ကို ဂန်ချက်ဗ်ကို ကျန်းမာပြီး အာဒါရဲ့ အောင်မြင်မှုတွေကို နှစ်ပေါင်းများစွာ ခံစားနိုင်ဖို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။” လို့ ဖော်ပြထားပါတယ်။ အသက် (၇၈)နှစ်ရှိပြီး အသက်ရှင်နေဆဲဖြစ်တဲ့ ဂန်ချက်ဗ်က ပွဲရဲ့ ပထမပိုင်းမှာ အိမ်ကို စောစောပြန်ရောက်လာချိန် သူ့ဇနီးက မျက်ရည်တွေနဲ့ ကြိုဆိုခဲ့ပြီး တီဗီမှာ တစ်မိနစ် ငြိမ်သက်အောက်မေ့ပွဲကို မြင်ခဲ့ရလို့ ငိုနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
Photo Credit : Metro
သူက ဘူဂေးရီးယား တီဗီဌာန bTV ကို “ကျွန်တော် အာဒါရဲ့ ပွဲတွေကို တီဗီမှာ ဘယ်တော့မှ လွဲမကြည့်ပါဘူး။ ဒီတစ်ကြိမ် လဗ်စကီနဲ့ ပွဲမှာ အလုပ်ကိစ္စတချို့ကြောင့် (၁၀)မိနစ်လောက် နောက်ကျသွားခဲ့တယ်။ အိမ်ပြန်မောင်းလာရင်း ဖုန်းတွေ အများကြီး ဝင်လာပေမယ့် ကားမောင်းနေတာမို့ မကိုင်ရဲခဲ့ဘူး။ အိမ်ဥယျာဉ်ထဲ ရောက်တော့ ကျွန်တော့်ဇနီးက မျက်ရည်တွေနဲ့ လာကြိုတယ်။”
” ‘ပက်ကို၊ ပက်ကို၊ တီဗီမှာ မင်း သေသွားပြီလို့ ကြေညာလိုက်တယ်။’ လို့ ပြောတယ်။ သူဘာပြောနေလဲ၊ ဘာဖြစ်သွားလဲ ကျွန်တော် နားမလည်နိုင်ခဲ့ဘူး” လို့ ပြောပြခဲ့ပါတယ်။ ပွဲက တစ်ဂိုးစီ သရေကျခဲ့ပြီး ဧည့်သည် လဗ်စကီဟာ လိဂ်ဇယား ထိပ်ဆုံးက လူဒိုဂိုရက်နဲ့ (၁၂)မှတ်အကွာအထိ ကွာဟသွားခဲ့ပါတယ်။