ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ အသင်းခေါင်းဆောင် ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ကစားသမားဘဝကို boyhood ကလပ်အသင်းဖြစ်တဲ့ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်းမှာ အဆုံးသတ်လိမ့်မယ်လို့ လက်ရွေးစင် အသင်းဖော်ဟောင်း ဂျိုဆေး ဖွန်တီက ပြောဆိုသွားခဲ့ပါတယ်။
ဒီနေ့မှာပဲ အသက်(၄၀)ပြည့်သွားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ အသက်(၁၂)နှစ်သားအရွယ်မှာပဲ စပို့တင်းအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ ၂၀၀၂ခုနှစ်မှာပဲ သူ့ကို စီနီယာအသင်းကြီးအတွက် ပွဲကစားခွင့်တွေ စတင် ပေးလာခဲ့ပါတယ်။ တစ်နှစ်အကြာမှာတော့ ရော်နယ်လ်ဒိုကို မန်ချက်စတာ ယူနိုက်တက်အသင်းက အရ ခေါ်ယူသွားခဲ့ပါတယ်။
Photo Credit : Sky Sports
တကယ်တော့ ရော်နယ်လ်ဒိုဟာ စပို့တင်းအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို တစ်ရာသီတည်းသာ ဖြတ်သန်းခဲ့ရတာ ဖြစ်ပြီးတော့ အသင်းအတွက် (၃၁)ပွဲကစား (၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရော်နယ်လ်ဒိုက ယူနိုက်တက် ရီးရဲလ် ဂျုဗင်တပ်စ် အယ်လ်နာဆာအသင်းတွေမှာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းခဲ့ပါတယ်။
လာမယ့်ဇွန်လမှာပဲ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရော်နယ်လ်ဒိုဟာ သက်တမ်းထပ်တိုးသွားဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့် ရော်နယ်လ်ဒိုရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ဖွန်တီကတော့ ရော်နယ်လ်ဒိုဟာ စပို့တင်းအသင်းဆီ ပြန်လာပြီး ကစားသမားဘဝကို အဆုံးသတ်လိမ့်မယ်လို့ သုံးသပ် ပြောဆိုလာခဲ့ပါတယ်။ “ပေါ်တူဂီအတွက် စပို့တင်းအတွက်နဲ့ ပေါ်တူရီ ဘောလုံးဝါသနာရှင်များအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပြန်လာမှုဟာ အကြီးမားဆုံး အိမ်မက်တစ်ခု ဖြစ်ပါတယ်။”
Photo Credit : Marca
“သူက ဒီလိဂ်ကို မြှင့်တင်ပေးမယ်။ ပိုမိုများပြားတဲ့ငွေတွေကို ယူဆောင်ပေးလာမယ်။ ပိုမိုများပြားတဲ့ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း ယူဆောင်လာပေးမယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒါတွေက ကျွန်တော်တို့အပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူ့ကို ဒီမှာ ရှိစေချင်ပါတယ်။ ဒါက သူ့အပေါ်မှာပဲ မူတည်နေပါတယ်။”
“ဒါပေမယ့် ဘယ်သူသိမှာလဲ။ ဒီမေးခွန်းကို သူတစ်ယောက်တည်းကပဲ ဖြေဆိုနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့လို ပေါ်တူဂီမှာ ရှိနေတဲ့သူတွေအတွက်ကတော့ သူလိုမျိုး လူတစ်ယောက် စပို့တင်းနဲ့ ပေါ်တူဂီကို ပြန်လာတာဟာ လုံးဝ အိမ်မက်တစ်ခုပါပဲ။ ဒါဟာ ဘယ်လောက်တောင်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မလဲ။” လို့ ဖွန်တီက ပြောဆိုလိုက်ပါတယ်။