ချယ်လ်ဆီးအသင်းရဲ့ လူငယ် တိုက်စစ် ကစားသမားလေး ဒေးဗစ် ဒါထရို ဖိုဖာနာဟာ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ယူနီယံ ဘာလင်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့အတွက် အလွန် နီးစပ်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက သူ့ Twitter စာမျက်နှာကနေ ဖော်ပြထားခဲ့ပါတယ်။

Chelsea agree deal to sign striker David Datro Fofana to boost attacking  options | Chelsea | The Guardian

Photo Credit : The Guardian

အသက် (၂၀)အရွယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားလေး ဖိုဖာနာဟာ နော်ဝေကလပ် မိုလ်ဒီအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်းနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်မှာပဲ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ရပါတယ်။ ဖိုဖာနာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၄)ပွဲအထိ ပါဝင်ကစားခဲ့ရပေမယ့်လည်း လက်ရှိမှာတော့ ချယ်လ်ဆီးက တိုက်စစ်ပိုင်းကို အားဖြည့်တင်းမှုတွေ များစွာ လုပ်ဆောင်နေတာဖြစ်လို့ ဖိုဖာနာအနေနဲ့ နေရာပျောက်ရဖွယ် ရှိနိုင်ပြီး ဒါကြောင့်လည်း တစ်ရာသီလောက် အငှားနဲ့ ထွက်ခွာဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Twitter

ဒီ အာဖရိက ကစားသမားလေးကို ပြင်သစ် လီဂူးကလပ်တွေက အငှားနဲ့ ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အဆင့် (၄)နေရာထိ ရပ်တည်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ယူနီယံ ဘာလင်အသင်းက ဖိုဖာနာကို အငှား ကမ်းလှမ်းခဲ့ရာ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းလာခဲ့ရပါတယ်။

ရိုမာနိုရဲ့ ဖော်ပြချက်အရတော့ ဖိုဖာနာ နဲ့ ယူနီယံ ဘာလင်တို့ရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် နောက်ဆုံး အဆင့်တစ်ဆင့်သာ ကျန်ရှိနေတော့ပြီး ယူနီယံ ဘာလင်အနေနဲ့ ဖိုဖာနာကို အငှားသာ ခေါ်ယူနိုင်မှာဖြစ်ပြီး အပြီးသတ် ခေါ်ယူခွင့်ကိုတော့ ချယ်လ်ဆီးဘက်က ခွင့်မပြုထားဘူးလို့ သိရပါတယ်။