ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူး ပိုင်ဆိုင်ခဲ့လို့ အလွန့်အလွန်ကို ဂုဏ်ယူ ဝမ်းမြောက်မိခဲ့ရတယ်လို့ မန်ချက်စတာ စီးတီးအသင်းရဲ့ ကြယ်ပွင့်လေး ဖေးလ် ဖိုဒန်က ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမားလေး ဖိုဒန်ဟာ ၂၀၀၉ခုနှစ်ကတည်းက မန်စီးတီး လူငယ်အကယ်ဒမီဆီကို ရောက်ရှိလာခဲ့ပြီး ၂၀၁၆ခုနှစ်မှာပဲ နည်းပြ ဂွာဒီယိုလာက ဖိုဒန်ကို မန်စီးတီး စီနီယာအသင်းကြီးမှာ စတင် သုံးစွဲလာခဲ့ပါတယ်။

Photo Credit : Opta Analyst

ဆယ်ကျော်သက် အရွယ်မှာကတည်းက မန်စီးတီးအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့တဲ့ ဖိုဒန်ဟာ အခုဆိုရင် မန်စီးတီးအတွက် (၇)ရာသီအထိ ကစားပေးထားနိုင်ခဲ့ပြီ ဖြစ်သလို အသင်းလိုက် ဆုဖလားတွေအပြင် တစ်ဦးချင်း ဆုတံဆိပ်တွေကိုပါ အမြောက်အများ ပိုင်ဆိုင်လာခဲ့ရပါတယ်။

၂၀၂၀-၂၁ ဘောလုံးရာသီနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွေမှာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး လူငယ်ကစားသမားဆုနဲ့ PFA Young Player of the Year ဆုတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ဖိုဒန်ဟာ အခု ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုနဲ့ အားကစား ကလောင်ရှင်တွေက ရွေးချယ်တဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုတို့ကိုပါ ထပ်မံ ပိုင်ဆိုင်ခဲ့ရပြန်ပါတယ်။

Photo Credit : The Cable

Premier League Player of the Season ဆုကို ရရှိခဲ့တာနဲ့ ပတ်သက်ပြီး ဖိုဒန်က “ဒီဆုကို ဆွတ်ခူးရတာ အရမ်း ဂုဏ်ယူမိပါတယ်။ ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကြီးကျယ်ဆုံး အမှတ်ပေးလိဂ်အဖြစ် အသိအမှတ်ပြုခံထားရပြီး သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့တဲ့ ကစားသမားတွေနဲ့အတူ အခုလို ဆန်ခါတင်စာရင်းထဲ ပါဝင်နေရတာကလည်း ဝမ်းသာစရာကောင်းပါတယ်။”

“ခြုံပြောရရင်တော့ ဒီရာသီမှာ ကျွန်တော် ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။ တစ်ရာသီလုံးလည်း အသင်းအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဖိုဒန်ဟာ ဒီရာသီမှာ မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၁၇)ဂိုး သွင်းယူထားပြီး (၈)ဂိုးအထိ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။