ဘရာဇီးလ် ထိပ်သီးကလပ် ဖလူမင်နိစ်က ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်မှာ ကစားခွင့် ရဖို့ ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ အသင်းနဲ့ပါ နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ် ဘရာဇီးလ် လူငယ် တောင်ပံတိုက်စစ် ကစားသမား မာကွင်ဟို့စ်က ၂၀၂၂ခုနှစ်မှာ ဘရာဇီးလ်ကလပ် ဆော်အိုပေါ်လို ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အာဆင်နယ်က သူ့ကို ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

မာကွင်ဟို့စ်က အာဆင်နယ်ဆီ ရောက်ရှိပြီးနောက် အသင်းရဲ့ ပွဲစဉ်တချို့မှာ ဝင်ကစားခွင့် ရခဲ့ပေမယ့် လုံလောက်တဲ့ ခြေစွမ်းမျိုးတွေ မပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်နည်းပြချုပ် အာတီတာနဲ့ အားကစားဒါရိုက်တာ အီဒူးတို့က မာကွင်ဟို့စ်ကို တခြားအသင်းဆီ အငှားချကာ ခြေသွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ မာကွင်ဟို့စ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နော်‌ဝှစ်ချ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့သလို ယခုနှစ် ဘောလုံးရာသီ အစမှာလည်း ပြင်သစ်ကလပ် နန့်တက်စ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။

Photo Credit: Metro

မာကွင်ဟို့စ်က နောဝှစ်ချ်နဲ့ နန့်တက်စ်တို့ဆီ ၁နှစ်နီးပါး ပြောင်းရွှေ့ ကစားခဲ့ရာ စုစုပေါင်း ၁၈ပွဲသာ ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၁ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ် ရရှိခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်က မာကွင်ဟို့စ်ကို အငှားနဲ့ ခေါ်ယူဖို့ အာဆင်နယ်နဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး ဖလူမင်နိစ်က မာကွင်ဟို့စ်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။