ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာ စီးတီးအသင်းဟာ ဂျာမန်ဘွန်ဒက်စ်လီဂါရဲ့ ထွန်းတောက်လာတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လေဗာကူဆင်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန် ဝါ့ဇ်ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင် ကြိုးပမ်းမှုတွေထဲမှာ ရှေ့ဆုံးက ပါဝင်လာပြီဖြစ်ပါတယ်။ ဝါ့ဇ်ဟာ ဘိုင်ယန်မြူးနစ်၊ ရီးယဲလ် မက်ဒရစ်တို့လို ဥရောပ ထိပ်သီးအသင်းကြီးတွေရဲ့ အာရုံစိုက်မှုကို ခံနေရသူဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ဈေးကွက်မတိုင်မီ အပြောင်းအရွှေ့သတင်းတွေနဲ့ ဆူညံနေသူလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ လေဗာကူဆင်ရဲ့ ကြယ်ပွင့် ဝါ့ဇ်ကို ခေါ်ယူဖို့အတွက် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြောင်ပြောင်တင်းတင်း ပြသလိုက်ပြီး အပြင်းအထန် ကြိုးပမ်းနေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက်က်(၂၂)နှစ်အရွယ် ဝါ့ဇ်ကို အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ကီဗင် ဒီဘရိုင်းရဲ့နေရာမှာ အစားထိုးဖို့အတွက် မန်စီးတီးက လျာထားကြောင်း သိရပါတယ်။ အင်္ဂါနေ့က ဝါ့ဇ်နဲ့သူ့ရဲ့ဖခင်ဖြစ်သူတို့ဟာ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုနဲ့ အနာဂတ်အစီအစဉ်တွေကို ကိုယ်တိုင်ကိုယ်ကျ နားထောင်ဖို့အတွက် အင်္ဂလန်နိုင်ငံကို ရောက်ရှိခဲ့တယ်လို့ ဂျာမန်သတင်းဌာန Bild က ဖော်ပြခဲ့ပါတယ်။
Photo Credit : Transfermarket
ဝါ့ဇ်ဟာ လက်ရှိဘောလုံးရာသီမှာ လေဗာကူဆင်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၄၄)ပွဲ ပါဝင်ကစားထားရာမှာ (၁၆)ဂိုးအထိ သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၁၃)ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။ သူ့ရဲ့ခြေစွမ်းကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လေဗာကူဆင်ကနေ ထွက်ခွာဖို့ သေချာနေပြီလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဝါ့ဇ်ဟာ လေဗာကူဆင်နဲ့ ၂၀၂၇ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေသေးပေမယ့် အသင်းဘက်ကတော့ သူ့အတွက် အကောင်းဆုံး ပြောင်းရွှေ့ကြေးရရှိနိုင်မယ့် အချိန်ရောက်ပြီလို့ ယူဆထားပုံရပါတယ်။ လေဗာကူဆင်အသင်းဟာ ဝါ့ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၅၀)အထိ အလိုရှိနေပါတယ်။
ဝါ့ဇ်ကိုခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားနေသလို အသင်းရဲ့အကြီးအကဲတစ်ဦးဖြစ်တဲ့ ရူမင်နစ်ဂီ ကိုယ်တိုင်က ဒီနှစ်အစောပိုင်းမှာ ဝါ့ဇ်ရဲ့ ထူးချွန်တဲ့စွမ်းဆောင်ရည်တွေကို ချီးကျူးပြောဆိုခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်ထိပ်သီး ရီးယဲလ် မက်ဒရစ်ကလည်း ဝါ့ဇ်ကို စိတ်ဝင်စားနေပြီး လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆိုကလည်း ရီးယဲလ်မက်ဒရစ်ကို နည်းပြအဖြစ် ရောက်လာနိုင်တော့မှာဖြစ်လို့ ဒါက ဝါ့ဇ်ကိုဆွဲဆောင်ရာမှာ အားကောင်းစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်နေပါတယ်။
Photo Credit : The Independent
ဒါပေမယ့် မန်စီးတီးအသင်းကတော့ အခုအခါမှာ ဝါ့ဇ်ကိုခေါ်ယူဖို့ တရားဝင် ကြိုးပမ်းမှု စတင်လိုက်ပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ဝါ့ဇ်အတွက် ယူရိုသန်း ၁၀၀ (ပေါင် ၈၄.၇ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေတာကြောင့် မန်စီးတီးအနေနဲ့ ဒီထက်ပိုများတဲ့ကမ်းလှမ်းမှု ပြုလုပ်ရဖွယ်ရှိနေပါတယ်။ အစောပိုင်းမှာတော့ ဝါ့ဇ်က ဘွန်ဒက်စ်လီဂါရဲ့အကောင်းဆုံးကစားသမားတွေကို အမြဲလိုလိုဆွဲဆောင်ခေါ်ယူလေ့ရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လေဗာကူဆင်နည်းပြ အလွန်ဆိုကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ နီကို ဂွန်ဇာလက်ဇ်၊ မာမွတ်ရှ်၊ ဗီတာရီစ်နဲ့ ခူဆာနော့ဗ်တို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပြီး လာမယ့်နွေရာသီမှာလည်း အသင်းလူအင်အားကို ထပ်မံ ဖြည့်တင်းသွားဖို့ အသင့်ရှိနေပါတယ်။ ဝါ့ဇ်ဟာ မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာ ကြိုက်နှစ်သက်တဲ့ ကစားသမားပုံစံမျိုးနဲ့ ကိုက်ညီသူဖြစ်ပြီး ဂွါဒီယိုလာကိုယ်တိုင် ဝါ့ဇ်ကို ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာဖို့အတွက် စည်းရုံးပြောဆိုသွားဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။