ဘာစီလိုနာနည်းပြ ဟန်စီ ဖလစ်ခ်က ဒီနွေရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကနေ မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ဘာကြောင့် အငှားနဲ့ ခေါ်ယူချင်ခဲ့ရသလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဂျာမန်နည်းပြဟာ FC ဆိုးလ်နဲ့ ရာသီကြိုခြေစမ်းပွဲ မကစားမီ ယူနိုက်တက်ကြယ်ပွင့်ဟောင်း ဂျက်ဆီ လင်ဂတ်အပေါ် သူ့ရဲ့ သုံးသပ်ချက်ကိုလည်း ပြောဆိုခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကို တစ်ရာသီအငှားနဲ့ ရောက်ရှိခဲ့ပြီး ကာတာလန်ထိပ်သီးအသင်းကြီးဟာ သူ့ကို ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ရရှိထားပါတယ်။ နည်းပြ ဟန်စီ ဖလစ်ခ်က ရပ်ရှ်ဖို့ဒ်ရဲ့ ယူနိုက်တက်မှာ ကစားခဲ့တဲ့ပွဲတွေကို နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ပြီးခဲ့တဲ့ရာသီအနည်းငယ်အတွင်း ခြေစွမ်းမပြခဲ့ပေမယ့် ဘာစီလိုနာမှာ အင်္ဂလန်လက်ရွေးစင် ကစားသမား တောက်ပလာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
Photo Credit : SPORTbible
ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့အပတ်က ဂျပန်မှာ ဗစ်ဆယ်ကိုဘေးနဲ့ ကစားခဲ့တဲ့ ဘာစီလိုနာရဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲမှာ (၃၃)မိနစ်သာ ကစားခဲ့ပြီး တရားဝင်မဟုတ်တဲ့ ပွဲဦးထွက်ကို ပြုလုပ်ခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်အကြောင်း သတင်းထောက်တွေကို ပြောကြားရာမှာ ဂျာမန်နည်းပြက “မားကပ်စ်က ကြီးမားတဲ့ ကစားသမားပါ။ ကျွန်တော် သူ့ကို ယူနိုက်တက်မှာ ကစားသမားဘဝ စတင်ချိန်ကတည်းက နှစ်ပေါင်းများစွာ စောင့်ကြည့်ခဲ့တာပါ။ သူမှာ အရည်အချင်းတွေ အများကြီးရှိပါတယ်။ ဒီရာသီ အသင်းနဲ့အတူ သူရဲ့အရည်အချင်းတွေကို ပြသနိုင်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
Photo Credit : Goal
လင်ဂတ်ရဲ့ FC ဆိုးလ်နဲ့ လာမယ့် တောင်ကိုရီးယားမှာ ကစားမယ့် ခြေစမ်းပွဲ မတိုင်မီမှာ ဖလစ်ခ်က ထပ်မံဖြည့်စွက်ပြောကြားခဲ့ရာမှာ “လင်ဂတ်က ကြီးမားတဲ့ ကစားသမားပါ။ အင်္ဂလန်မှာ ကစားခဲ့တဲ့ သူ့ရဲ့အချိန်တွေကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့အသင်းကိုပဲ အာရုံစိုက်ပါတယ်။ ဆိုးလ်အသင်း ကောင်းကောင်းလုပ်ဆောင်နေပြီး ဒါဟာ ကျွန်တော်တို့ရဲ့ ဒုတိယမြောက် စိန်ခေါ်မှု ဖြစ်ပါလိမ့်မယ်။” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိ လာလီဂါချန်ပီယံတွေဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့မှာ ဆိုးလ်ကမ္ဘာ့ဖလားကွင်းမှာ လင်ဂတ်နဲ့ အသင်းဖော်တွေနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ သြဂုတ်လ (၁၆)ရက်နေ့မှာ မာယော့ကာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ပြီး ပြည်တွင်းလိဂ်ရာသီသစ်ကို စတင်မှာ ဖြစ်ပါတယ်။