ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ဟန်ဆီ ဖလစ်ခ်က အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်ကစားသမားကြီး ရောဘတ် လီဝန်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်မှာတုန်းကလို ပုံစံကောင်းတွေ ပြသလျက် ရှိနေတယ်လို့ ချီးကျူး ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ်တောင် ရှိနေပြီဖြစ်တဲ့ ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ မနေ့ညက အလာဗက်စ်နဲ့ လာလီဂါပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာပဲ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီး အခုဆို ဒီရာသီမှာ လီဝန်ဒေါစကီးက လာလီဂါသွင်ဂိုး (၁၀)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Eurosport

ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူးတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ၂၀၂၂ခုနှစ်ကမှ ဘိုင်ယန်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ လာလီဂါ ဂိုးသွင်းအများဆုံး ကစားသမားဆုကို သွင်းဂိုး (၂၃)ဂိုးနဲ့ ရယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ရာသီကလည်း (၁၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

လီဝန်ဒေါစကီးက ဒီရာသီမှာလည်း လာလီဂါ (၉)ပွဲ ကစားထားပြီးချိန်မှာတောင် (၁၀)ဂိုးသွင်းအထိ သွင်းယူထားခဲ့ပြီး ပြိုင်ပွဲစုံ (၁၁)ပွဲမှာလည်း (၁၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အခုလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီး နည်းပြဖလစ်ခ်က “လီဝန်ဒေါစကီးဟာ မြူးနစ်မှာကတည်းက ကျွန်တော် သိခဲ့တဲ့ ကစားသမားမျိုးလိုပါပဲ။”

Photo Credit : TVP Sport

“ပြီးတော့ သူက ဧရိယာထဲမှာ အကောင်းဆုံးပါ။ သူလုပ်ခဲ့တဲ့ အရာတွေက အံ့မခန်းပါပဲ။ သူက ဂိုးတွေ သွင်းယူဖို့ အမြဲ အဆင်သင့် ရှိနေပါတယ်။ အသင်းမှာရှိတဲ့ လူတိုင်းကိုလည်း ချီးကျူးသင့်တယ်။ သူတို့ အားလုံးက လီဝန်ဒေါစကီးကို ကူညီပေးနေကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက အခု ပုံစံကောင်း ပြသနေပြီး ဒါကို မြင်ရလို့ ပျော်ရွှင်မိပါတယ်။”

“အနိုင်(၃)မှတ် ရရှိတာရော လီဝန်ဒေါစကီးရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပါ ကျေနပ်မိပါတယ်။ ပထမပိုင်း ပွဲချိန်အတွင်းမှာ ကျွန်တော်တို့ဘက်က ဘာအမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ သူတို့အသင်းရဲ့ အခွင့်အရေးတွေကိုလည်း ဘာမှ ခွင့်မပြုပေးခဲ့ပါဘူး။ ဒါက နိုင်ပွဲအတွက် အဓိကကျတဲ့အချက် ဖြစ်စေခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။