ဂျာမဏီလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ ဟန်ဆီ ဖလစ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု ဒုတိယပွဲမှာ စပိန်ကို နောက်ကျချေပဂိုးနဲ့အတူ သရေရလဒ် ရအောင် ကစားနိုင်ခဲ့ပြီးနောက် အသင်းသားတွေရဲ့ အနိုင်မခံ အရှုံးမပေးတဲ့ စိတ်ဓာတ်ကို ချီးကျူးသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲမှာ ဂျပန်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ရတဲ့ ဂျာမဏီအတွက် စပိန်နဲ့ ကစားခဲ့ရတဲ့ အုပ်စု ဒုတိယပွဲဟာ မဖြစ်မနေ ရလဒ်ကောင်း တခု ရအောင် ကစားရမယ့် ပွဲတပွဲ ဖြစ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ရင် ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ရဖို့ အခွင့်အလမ်း များသွားနိုင်တာကြောင့် စပိန်နဲ့ပွဲမှာ ဂျာမဏီ ကစားသမားတွေဟာ ရေကုန်ရေခမ်း ကြိုးစား ကစားခဲ့ကြပါတယ်။

Photo Credit: Sky Sports

တဖက်မှာလည်း အုပ်စုအဖွင့်ပွဲမှာ ကော်စတာရီကာကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ထားတဲ့ စပိန်က ဂျာမဏီကိုသာ အနိုင်ရခဲ့ရင် ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် ဂျာမဏီနဲ့ပွဲကို ဖိဖိစီးစီး ကစားခဲ့ပြီး သူတို့ရဲ့ ပုံစံကောင်းကိုလည်း ပြသနိုင်ခဲ့ပါတယ်။

စပိန် ၁-၁ ဂျာမဏီ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားခဲ့ခြင်း မရှိပဲ အကြိတ်အနယ် ရှိကာ ကြည့်ကောင်းတဲ့ ပွဲတပွဲ ဖြစ်ခဲ့ပြီး ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်နေပြီးမှ နောက်ကျချေပဂိုးနဲ့ သရေတမှတ် ရအောင် ယူနိုင်ခဲ့တဲ့ ဂျာမဏီရဲ့ စိတ်ဓာတ်ပိုင်း ခိုင်မာမှုကိုလည်း အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Sky Sports

စပိန် ၁-၁ ဂျာမဏီ ပွဲအပြီးမှာတော့ ဂျာမဏီနည်းပြ ဟန်ဆီ ဖလစ်က သူ့အသင်းသားတွေရဲ့ နောက်ဆုံးမိနစ် အထိ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူနိုင်ဖို့ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်ပိုင်းကို ပွဲအပြီးမှာ ချီးကျူးသွားခဲ့ပါတယ်။ ဖလစ်က – “ကျွန်တော်တို့အသင်းက ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်က အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားပုံ အတွက် အတော်လေးကို ကျေနပ် အားရမိပါတယ်။ ဒီနေ့ပွဲက ထိပ်တန်းအဆင့် ပြိုင်ဘက်အသင်းနဲ့ ကစားခဲ့ရတဲ့ ထိပ်တန်းပွဲ တပွဲပါ။ ကျွန်တော်က ခက်ခဲတဲ့ ပွဲတပွဲမှာ ကိုယ့်ရဲ့အသင်း ဒီလိုခြေစွမ်းမျိုးနဲ့ ကစားနိုင်တာကို မြင်ချင်ခဲ့တာပါ။ ဒါပေမယ့် ဒါက ပထမဦးဆုံး ခြေလှမ်းအဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့က လာမယ့်ပွဲမှာ ဒီထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးကို မြင်ချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။