ဂျာမဏီ လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဟန်ဆီ ဖလစ်ခ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ အုပ်စုပွဲမှာ ဟန်ဂေရီကို ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာဟာ သူ့ရဲ့ အမှားကြောင့်ပါလို့ ပွဲအပြီးမှာ ဝန်ခံသွားခဲ့ပါတယ်။

ဂျာမဏီက နေးရှင်းလိဂ် ပထမတန်း အုပ်စု(၃)ရဲ့ ၅ပွဲမြောက် အုပ်စုပွဲ အဖြစ် ဟန်ဂေရီကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီး ရခဲ့ပေမယ့် ပွဲကို အနိုင်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပဲ ဧည့်သည် ဟန်ဂေရီကတော့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့်သာ ဂျာမဏီကို ဒုက္ခပေးသွားခဲ့ပါတယ်။

Photo Credit: Kicker

နေးရှင်းလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ အရေးပါတဲ့ ပွဲစဉ်မှာ ဟန်ဂေရီ အတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို ပွဲကစားချိန် ၁၇မိနစ်မှာပဲ အဓိက တိုက်စစ်မှူး ဆာဇလိုင်းက သွင်းယူပေးခဲ့တာ ဖြစ်ပြီး အိမ်ရှင် ဂျာမဏီကတော့ ဟန်ဂေရီရဲ့ သွင်းဂိုးကို ပြန်လည် ချေပနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် ညံ့ဖျင်းမှု ၊ ကွင်းလယ်ရဲ့ ဂိုးရရှိအောင် ဖိဖိစီးစီး မကစားနိုင်မှုတို့ကြောင့် ချေပဂိုးနဲ့ အလှမ်းဝေးကွာခဲ့ရကာ အရှုံးရလဒ်နဲ့ပဲ ရင်ဆိုင်ခဲ့ရပါတယ်။

ဂျာမဏီကို အဝေးကွင်းမှာ အနိုင်ရသွားတဲ့ ဟန်ဂေရီက အုပ်စုပွဲစဉ်(၅) အပြီးမှာပဲ ရမှတ် ၁၀မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် နောက်ဆုံးအဆင့်ပြိုင်ပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပြီး ဂျာမဏီကတော့ ရမှတ ၆မှတ်သာ ရရှိထားတာကြောင့် နောက်ဆုံးအဆင့် ပြိုင်ပွဲဆီ တက်လှမ်းနိုင်ဖို့ အတွက် အုပ်စုနောက်ဆုံးပွဲမှာ အင်္ဂလန်ကို မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်သလို အီတလီအနေနဲ့ ရလဒ်ကောင်းတွေ မရရှိဖို့ ဆုတောင်းရဦးမှာလည်း ဖြစ်ပါတယ်။

Photo Credit: Kicker

မဖြစ်မနေ အနိုင်ရသင့်တဲ့ ပွဲမှာ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့ရတဲ့ အတွက် ဂျာမဏီနည်းပြ ဖလစ်ခ်က ပရိသတ်တွေကို ပြန်လည် တောင်းပန်သွားခဲ့ပြီး သူ့ရဲ့ နည်းစနစ်ပိုင်း စီမံခန့်ခွဲမှု အလွဲကြောင့်သာ ဂျာမဏီဟာ ဟန်ဂေရီကို ရှုံးနိမ့်ခဲ့ရတာပါလို့ ဝန်ခံသွားခဲ့ပါတယ်။

ဟန်ဆီ ဖလစ်ခ်က – “ကျွန်တော်တို့က ဂျိုနက်စ်(ဟော့ဖ်မန်း)ကို ညာနောက်ခံနေရာမှာ ထားသုံးပြီး နည်းစနစ် အသစ် တခုကို သုံးစွဲဖို့ ကြိုးစားခဲ့တာပါ။ ကျွန်တော့်ရဲ့ စမ်းသပ်မှုက အလုပ်မဖြစ်ခဲ့တာကြောင့် ကျွန်တော့်အနေနဲ့ ရှုံးပွဲနဲ့ ပတ်သတ်ပြီး တာဝန်ယူပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ခံအစွန်လူတွေက ကျွန်တော်တို့ စီစဉ်ထားတဲ့အတိုင်း မကစားနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ နည်းစနစ်က အလုပ်မဖြစ်ခဲ့ဘူးလို့ ဝန်ခံရပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။