လေဗာကူဆင်အသင်းနည်းပြ ဇာဘီ အလွန်ဆိုဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်း နည်းပြရာထူးကို လက်ခံရယူသွားဖို့အတွက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်လို့နေပြီလို့ ဂျာမနီ အခြေစိုက် Sky Germany ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီထဲ ပြိုင်ပွဲအစုံမှာ အခြေအနေ သိပ်ကောင်းမနေပဲ ပိုကယ်ဖလားနဲ့ ဂျာမန်စူပါဖလားတို့ကို လက်လွတ်ထားရသလို ဘွန်ဒက်စ်လီဂါမှာလည်း လေဗာကူဆင်အသင်းရဲ့အောက် (၁၀)မှတ်အကွာထိ ရောက်ရှိနေရပါတယ်။

Photo Credit : Sky Sports

ဒါ့အပြင် ချန်ပီယံလိဂ်မှာ လာဇီယိုကို အဝေးကွင်းမှာ ရှုံးနိမ့်ထားလို့ ဒီည အလိုင်းရန့် အရီနာမှာ ကစားရမယ့် ဒုကျော့ပွဲစဉ်ထဲ သေချာပေါက် ရလဒ်ကောင်းမွန်ဖို့ လိုအပ်နေပြီး တကယ်လို့ လာဇီယိုကို မကျော်လွှားခဲ့ရင်တော့ လက်ရှိနည်းပြ သောမတ်စ် တူဟယ်လ် ရာထူးကနေ ချက်ချင်း ထုတ်ပယ်ခံရနိုင်ပါတယ်။

တကယ်လို့ တူဟယ်လ်က ချက်ချင်း မထုတ်ပယ်ခံရရင်တောင်မှ ဒီရာသီအကုန်မှာပဲ ဘိုင်ယန်နဲ့ သေချာပေါက် လမ်းခွဲမှာမို့ ဘိုင်ယန်အနေနဲ့ တူဟယ်လ်နေရာမှာ အစားထိုးဖို့ နည်းပြတစ်ဦးက မဖြစ်မနေ ရှာဖွေဖို့ လိုအပ်လာခဲ့ပါတယ်။ ဘိုင်ယန်ရဲ့ ရေဒါထဲမှာ ထိပ်ဆုံးနေရာက ရှိနေတဲ့ နည်းပြကတော့ အလွန်ဆိုပဲ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း (၃၄)ပွဲအထိ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်တဲ့ အလွန်ဆိုရဲ့ စွမ်းဆောင်မှုတွေကို ဘိုင်ယန်အသင်းအပြင် လီဗာပူးလ်အသင်းကပါ အတော်လေး သဘောကျလို့နေပြီး ဒီနှစ်သင်းလုံးကလည်း ရာသီအကုန်မှာ လက်ရှိနည်းပြတွေနဲ့ လမ်းခွဲကြမှာဖြစ်လို့ အလွန်ဆိုကို အပြိုင်အလိုရှိနေကြပါတယ်။

အခု Sky Germany ရဲ့ ဖော်ပြချက်အရ အလွန်ဆိုက ယာဂင် ကလော့ပ်နေရာမှာ အစားဝင်တာက သူ့အတွက် ပိုမို ခက်ခဲနိုင်တယ်လို့ ခံစားမိတာကြောင့် ဘိုင်ယန်နည်းပြ ရာထူးကိုပဲ ရယူသွာဖို့ ရှိနေရာ လက်ရှိမှာလည်း ဘိုင်ယန်နဲ့ အလွန်ဆိုတို့ရဲ့ကြား ကနဦး ဆွေးနွေးမှုတွေပါ စတင် လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဘိုင်ယန်အနေနဲ့ အလွန်ဆိုအတွက် စာချုပ်လျော်ကြေးကိုတော့ ယူရို (၁၅)သန်းကနေ (၂၅)သန်းလောက်အထိ ပေးဆောင်ရဖွယ်လည်း ရှိနေပါတယ်။