ဆော်ဒီလိဂ်ရဲ့ နာမည်ကြီးကလပ် အယ် အာလီမှာ ကစားနေတဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ဖာမီနိုက ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် လာမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အသက် ၃၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူး ကနေ အယ် အာလီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက အယ် အာလီနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: The Sun

ဖာမီနိုက ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် အယ် အာလီဆီ ရောက်ရှိပြီးနောက် အသင်းသစ်နဲ့ အသားကျဖို့ ရုန်းကန်နေရသလို အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အယ် အာလီရဲ့ နည်းပြချုပ် မားသီးယပ်စ် ယက်ဆဲလ်က ဖာမီနိုကို အောက်တိုဘာလ နောက်ပိုင်းမှာ ပွဲထွက်ခွင့် မပေးတော့ပဲ လူစားဝင် ကစားသမား အဖြစ်သာ အသုံးပြုနေပြီး ဖာမီနိုက သူ့ရဲ့ ကစားခွင့်နဲ့ ပတ်သတ်ပြီး မကျေမနပ် ဖြစ်နေပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန ဖြစ်တဲ့ Mirrorရဲ့ ဖော်ပြချက်အရ ဖာမီနိုက ပွဲထွက်ခွင့် မရတာကြောင့် လာမယ့် အပြောင်းအရွှေ့ ရာသီမှာ အသင်းပြောင်းဖို့ စဉ်းစားနေပြီး အယ် အတ်တီဟတ်ရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူထားတဲ့ စတီဗင် ဂျာရတ်ဟာ ဖာမီနိုကို သူ့အသင်းဆီ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အယ် အာလီက ဖာမီနိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပေမယ့် ပြန်လည် ရောင်းချရမယ် ဆိုရင် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅သန်း ​ဝန်းကျင် တောင်းဆိုဖွယ် ရှိနေပါတယ်။