ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး ရော်ဘတ်တို ဖာမီနိုက လာမယ့် နွေဈေးကွက် အတွင်းမှာ လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူလိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဖာမီနိုက ၂၀၁၅ခုနှစ်မှာ ဟော့ဖန်ဟိမ်း ကနေ လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၄၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက လီဗာပူးထံ ရောက်ရှိခဲ့ပြီးနောက် ဆာလာ ၊ မာနေးတို့နဲ့ တွဲဖက်ကာ လီဗာပူးရဲ့ ရွှေခေတ် တခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

Photo Credit: Liverpool Echo

ဖာမီနိုက လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ ၃၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၉ဂိုး သွင်းယူပေးနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၇၉ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ ချန်ပီယံလိဂ် ၁ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၁ကြိမ် ၊ ဥရောပ စူပါဖလား ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ် စုစုပေါင်း ဆုဖလား ၇လုံး အထိ လီဗာပူးနဲ့အတူ ရရှိခဲ့ပါတယ်။

ဖာမီနိုက လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်ခဲ့သလို အသင်းပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်ပေမယ့် အသက်အရွယ် ရလာတာကြောင့် လီဗာပူးက သူ့ကို စာချုပ်သစ် မချုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖာမီနိုကလည်း စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်တာကြောင့် လီဗာပူးရဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့ပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဖာမီနိုဟာ လီဗာပူးနဲ့ စာချုပ်သစ် မချုပ်တော့ဘူးလို့ တရားဝင် ကြေညာခဲ့ပြီးနောက် ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို တရစပ် ရရှိခဲ့ပေမယ့် သူ့ရဲ့ အသင်းသစ် အဖြစ် ဘာစီလိုနာကို ရွေးချယ်ခဲ့ပြီး ဘာစီလိုနာနဲ့ ဖာမီနိုတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ဖာမီနိုက ဘာစီလိုနာထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့မှာ ဖြစ်ပြီး ဘာစီလိုနာက ဖာမီနိုကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖွယ် ရှိနေပါတယ်။