အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနားက သူတို့ရဲ့ တောင်းဆိုမှု တခုကိုသာ လိုက်လျောမယ် ဆိုရင် သူတို့ရဲ့ ကွင်းလယ်လူ အမ်မရာဘက်ကို မန်ချက်စတာ ယူနိုက်တက်ဆီ အငှားနဲ့ စေလွှတ်ဖို့ သဘောတူမှာ ဖြစ်ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

နယ်သာလန်နည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မေဆန်မောင့် တယောက် ဒဏ်ရာရခဲ့ပြီးနောက် အသင်းရဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့ အတွက် ကြိုးစားနေပြီး အမ်မရာဘက်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ်ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က အမ်မရာဘက်ကို ခေါ်ယူဖို့ ယခု နွေဈေးကွက် စတင်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး သူတို့ မျှော်မှန်းထားသလို မက်ဂွိုင်းယားနဲ့ တော်မီနေးတို့ကို မရောင်းချနိုင်ခဲ့တာကြောင့် အမ်မရာဘက်ကို ခေါ်ယူဖို့ တွန့်ဆုတ်နေတာပါ။

အမ်မရာဘက်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ပြီးခဲ့တဲ့ ဇွန်လထဲမှာထဲက ခေါင်းညိတ်ထားတာ ဖြစ်ပြီး အမ်မရာဘက်က ဆရာဟောင်း တန်ဟက်ဂ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖို့ အတွက် သူ့ဆီ ရောက်လာတဲ့ ကမ်းလှမ်းမှု မှန်သမျှကို ငြင်းဆန် ပယ်ချကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့သာ စောင့်ဆိုင်းနေပါတယ်။

ယမန်နေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က အမ်မရာဘက်ကို တရာသီအငှားကြေး ပေါင် ၂သန်းနဲ့ ခေါ်ယူချင်ကြောင်း ဖီအိုရင်တီးနားထံ ကမ်းလှမ်းမှု လုပ်ခဲ့ပြီး ဖီအိုရင်တီးနားကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချကာ အမ်မရာဘက်ကို အငှားထက် အပြီးသတ်သာ ရောင်းချလိုကြောင်း ပြန်လည် အကြောင်းကြားခဲ့ပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ဖီအိုရင်တီးနားက အမ်မရာဘက်ကို အပြီးသတ်သာ ရောင်းချချင်နေပေမယ့် ကစားသမားရဲ့ ဆန္ဒကြောင့် မန်ချက်စတာ ယူနိုက်တက်ကသာ အမ်မရာဘက်ကို အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူမယ် ဆိုရင် အမ်မရာဘက်ကို ယူနိုက်တက်ဆီ အငှားနဲ့ စေလွှတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။

အီတလီ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Corriere Dello Sportsကလည်း ဖီအိုရင်တီးနားဟာ အမ်မရာဘက်ကို အငှားနဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဖီအိုရင်တီးနားတို့က အမ်မရာဘက်ကို အပြီးသတ် ခေါ်ယူနိုင်မယ့် ပြောင်းရွှေ့ကြေး ပမာဏကို ဆွေးနွေးနေကာ ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၀သန်း ဝန်းကျင် တန်ကြေး ရှိနိုင်ကြောင်း ဖော်ပြထားပါသေးတယ်။