ပေါ်တူဂီ ဘောလုံးဂန္ထဝင် လူးဝစ် ဖီဂိုက သူ့ရဲ့နိုင်ငံဖော် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အမြဲတမ်း ဂိုးသွင်းနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပြီး အသက်အရွယ် ရလာပေမယ့် ခြေစွမ်းမကျသေးတဲ့ ရော်နယ်လ်ဒိုကို အသက်(၄၂)နှစ်လောက်အထိ ကစားသွားနိုင်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။
ရွှေဘောလုံးဆု (၅)ကြိမ်ရှင် ရော်နယ်လ်ဒိုဟာ အခုဆိုရင် အသက်(၄၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းကျဆင်းတဲ့ လက္ခဏာ မပြသေးဘဲ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းမှာ ဒီရာသီမှာလည်း သွင်းဂိုး(၃၀)ကျော် သွင်းယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်လ်ဒိုဟာ သူ့နိုင်ငံ ပေါ်တူဂီအတွက်လည်း (၂၁၉)ပွဲ ကစားပြီး (၁၃၆)ဂိုး သွင်းယူထားကာ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူဖို့ အစီအစဉ်လည်း မရှိသေးပါဘူး။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ မျှော်လင့်ထားကြပါတယ်။
Photo Credit : Goal
ဖီဂိုကတော့ ဒီအချိန်လွန်တဲ့အထိ ရော်နယ်ဒို သူ့ရဲ့ကစားသမားဘဝကို ဆက်လက် ရှည်ကြာနိုင်တယ်လို့ မြင်နေပါတယ်။ မက်ဒရစ်မြို့မှာ ပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ဖီဂိုက ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး “သူ ကမ္ဘာ့ဖလားမှာ ပွဲထွက်ကစားသမား ဖြစ်နိုင်ပါတယ်။ အဆုံးအဖြတ်ပေးနိုင်သူ ဖြစ်လာမလားဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ ဒါပေမယ့် ခရစ္စတီယာနိုက ကြံ့ခိုင်မှု ပရော်ဖက်ရှင်နယ် ပီသမှု အရည်အချင်းတွေနဲ့ ပတ်သက်ရင် ကမ္ဘာ့စံပြတစ်ယောက်ပါ။” လို့ ပြောကြားခဲ့ပါတယ်။
“ပြီးတော့ သူက အမြဲတမ်း ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ အသက်(၄၀) အသက်(၄၂)နှစ်မှာတောင် သူက ဂိုးတွေ အမြဲသွင်းနိုင်လိမ့်မယ်။ အဲ့ဒီဂိုးတွေက အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေ ဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး။ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ ပေါ်တူဂီတွေအတွက်တော့ အမြဲတမ်း အဆုံးအဖြတ်ပေးနိုင်တဲ့ ဂိုးတွေ ဖြစ်ဖို့ မျှော်လင့်ပါတယ်။” လို့ ဖီဂိုက ဆက်ပြောခဲ့ပါတယ်။
Photo Credit : Leonino
တကယ်လို့ ပေါ်တူဂီအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ရော်နယ်လ်ဒိုကလည်း သူတို့ရဲ့ အစီအစဉ်ထဲမှာ ဆက်ရှိနေခဲ့မယ်ဆိုရင် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ (၆) ကြိမ်မြောက် ပါဝင်ကစားတဲ့ ပထမဆုံး ကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒို ဘောလုံးကစားသမားဘဝက အနားမယူခင်မှာ နောက်ထပ် စံချိန်တွေလည်း ထပ်မံ ချိုးဖျက်ဦးမယ့် အကြောင်းရင်းတွေ အများကြီးရှိနေပါတယ်။
ရော်နယ်လ်ဒို ကိုယ်တိုင်ကလည်း အနားယူဖို့ မစဉ်းစားခင် ကစားသမားဘဝ သွင်းဂိုး(၁၀၀၀) ပြည့်မြောက်ဖို့ ရည်မှန်းထားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားပါတယ်။ သူ့ကို အနည်းဆုံး ၂၀၂၆ ခုနှစ် နွေရာသီအထိ အယ်လ်နာဆာအသင်းမှာ ဆက်ရှိနေစေမယ့် စာချုပ်သက်တမ်း တိုးမြှင့်မှုတစ်ခုကိုလည်း သဘောတူညီဖို့ မျှော်လင့်ထားကြပါတယ်။