မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ယူနိုက်တက်တို့ ရီးယဲလ် ဆိုစီဒက်ကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ အောင်မြင်မှုကို အခြေခံပြီး ဆက်လက် တည်ဆောက်ဖို့ဆိုရင် အသင်းဖော်တွေအနေနဲ့ ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ကို မွေးမြူရမယ်လို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့မှာ နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုး (၂)ဂိုးနဲ့ အိမ်ရှင်အသင်းက ဦးဆောင်နိုင်ခဲ့ပြီး ဖာနန်ဒက်စ်ကပဲ ဟက်ထရစ်ဂိုးနဲ့ အသင်းကို အနိုင်သေချာစေမယ့် အခြေအနေထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။
Photo Credit : Goal
ဒါ့အပြင် ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာလည်း ဟွိုင်လန်းရဲ့ ဖန်တီးမှုကနေ ဒီယိုဂို ဒါလော့က နောက်ဆုံးအနိုင်ဂိုး သွင်းယူခဲ့ရင်း နှစ်ကျော့ပေါင်း ၅-၂ နဲ့ အနိုင်ရသွားခဲ့ပြီး ကွာတားဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားအဆင့်မှာ လိုင်ယွန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲက အသင်းအတွက် ဒီရာသီမှာ ဆိုးရွားလွန်းတဲ့ အခြေအနေတွေရဲ့ကြား မျှော်လင့်ချက်တစ်ခုအဖြစ် ဆက်ရှိနေပါတယ်။
ရူဘင် အမော်ရင်ရဲ့ အသင်းဟာ ကြာသပတေးနေ့ ပွဲမတိုင်ခင် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် (၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရခဲ့ပြီး အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က သူ့ရဲ့ အသင်းဖော်တွေကို ဒီဘောလုံးရာသီရဲ့ နောက်ဆုံး (၂)လအတွင်း ပိုမိုအပြုသဘောဆောင်တဲ့ ရလဒ်တွေ ယူဆောင်လာနိုင်ဖို့အတွက် တိုက်တွန်းမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။
Photo Credit : The Independent
“ဒီအသင်းက အနိုင်ရဖို့ အကြောင်းတွေချည်းပါပဲ။ ကျွန်တော်တို့ ပွဲတွေ အနိုင်ရဖို့ လိုတယ်။ သွားစရာလမ်းက အများကြီး ကျန်သေးပေမယ့် ရှေ့မှာ ရှိတဲ့ ပွဲတိုင်းကို အာရုံစိုက်ပြီး မှန်ကန်တဲ့ စိတ်ဓာတ်မျိုး ရှိမယ်ဆိုရင် ကျွန်တော်တို့ ပွဲတွေ အနိုင်ရလာနိုင်တယ်ဆိုတာ ယုံကြည်မှု ရှိပါတယ်။ ရလဒ်နဲ့ စွမ်းဆောင်ရည်ကနေ ယုံကြည်မှု နည်းနည်းပိုရလာတဲ့အခါ ဘောလုံးမှာ ယုံကြည်မှုက အရေးကြီးတဲ့ အရာတစ်ခုပါ။”
“ကျွန်တော်တို့ တိုးတက်မှု အရမ်းကောင်းနေတယ် ဆိုပေမယ့် ရလဒ်တွေလည်း ကောင်းမှသာ အဲဒီတိုးတက်မှုကို တွေ့မြင်ရမှာပါ။ ဒီအသင်းမှာ အရာအားလုံးက ရလဒ်တွေအကြောင်းပါပဲ။” လို့ ဖာနန်ဒက်စ်က သတိပေး ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်က လာမယ့် တနင်္ဂနွေမှာတော့ အသင်းရဲ့ ယာယီနည်းပြဟောင်း ရုဒ် ဗန် နစ္စတဲလ်ရွိင်း ကိုင်တွယ်နေတဲ့ လက်စတာနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။