မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က အသင်းရဲ့ အထောင်တိုက်စစ်မှူး ရတ်စ်မတ်စ် ဟွိုင်လန်းကို သူ့ရဲ့ တာဝန်အကြောင်း ပြတ်ပြတ်သားသား သတိပေးလိုက်ပါတယ်။

ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ နံပါတ်(၉)ဂျာစီနဲ့အတူ ကြီးမားတဲ့ တာဝန်တွေကို ထမ်းရွက်ဖို့ ရုန်းကန်နေရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘုန်းမောက်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာတော့ ယူနိုက်တက်အတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ဟွိုင်လန်းရဲ့ (၆)ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေမှု အဆုံးသတ်သွားခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာတော့ စုစုပေါင်း (၄)ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ပြိုင်ပွဲစုံမှာဆိုရင်တော့ (၄၆)ပွဲ ကစားပြီး စုစုပေါင်း (၉)ဂိုး သွင်းထားပါတယ်။

Photo Credit : Goal

ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ကတော့ ဟွိုင်လန်းအနေနဲ့ အသင်းအတွက် ဘာတွေ လုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို သတိပေးခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူက MUTV ကို ပြောကြားရာမှာ “တိုက်စစ်မှူးတွေဆိုတာ ဂိုးသွင်းဖို့ပါပဲ။ ဒါကို ကျွန်တော်တို့အားလုံး သိပါတယ်။ သူကိုယ်တိုင်လည်း ယူနိုက်တက်ရဲ့ နံပါတ်(၉) တစ်ယောက်ရဲ့ တာဝန်ကို သိပါတယ်၊ သူ ဂိုးတွေ သွင်းကိုသွင်းရမယ်။ ဒါက ဒီလိုကလပ်မျိုးရဲ့ တောင်းဆိုမှုပါ၊ သူ့အတွက်တင် မဟုတ်ဘူး၊ အားလုံးအတွက်ပါ။”

“ဒီနေရာမှာ ကစားတဲ့ ဂိုးဧရိယာထဲဝင်ပြီး ဂိုးသွင်းနိုင်တဲ့ အရည်အချင်းရှိတဲ့ လူတိုင်းက ဒါကို လုပ်ရမယ်။ ဘုန်းမောက်နဲ့ပွဲမှာ ရတ်စ်မတ်စ် ဂိုးသွင်းခဲ့တယ်။ တိုက်စစ်မှူးတစ်ယောက် ဂိုးသွင်းတာ မြင်ရလို့ အားလုံး အရမ်းပျော်ပါတယ်။ ဒီဂိုးက ရှေ့ဆက်ရမယ့် ပွဲတွေအတွက် သူ့ကို အနည်းငယ် တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

Photo Credit : Goal

ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်ကလည်း ဟွိုင်လန်း ဂိုးလမ်းကြောင်းပေါ် ပြန်ရောက်လာတာနဲ့ ပတ်သက်ပြီး Sky Sports ကို ပြောကြားရာမှာ “တိုက်စစ်မှူးတွေအတွက် ဂိုးသွင်းနိုင်တာက အမြဲတမ်း အရေးကြီးပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ပွဲတစ်ပွဲကို ကြည့်တဲ့အခါ ဂိုးတွေတင် မဟုတ်ပါဘူး။ ဂိုးသွင်းနိုင်တာက ကောင်းတဲ့ စိတ်ဓာတ်မြှင့်တင်မှုတစ်ခု ဖြစ်ပေမယ့် နောက်ပွဲက ဇာတ်လမ်းအသစ်တစ်ခုပါ။ ကျွန်တော်တို့ ထပ်ကြိုးစားရဦးမှာပါ။” လို့ ဆိုပါတယ်။

ဒီရာသီမှာ အလွန်စိတ်ပျက်စရာကောင်းတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ဖလား ရယူပြီး ရာသီကို ကယ်တင်ဖို့ မျှော်လင့်နေပါတယ်။ ဟွိုင်လန်း ဂိုးပေါက်ရှေ့မှာ တောက်ပမှု ပျောက်ဆုံးနေတာကြောင့် အသင်းဟာ လာမယ့်ရာသီမှာ ဟွိုင်လန်းကို အသင်းကနေ ပြန်လည် ရောင်းချဖွယ် ရှိနိုင်ပြီး တန်းဆင်းသွားပြီဖြစ်တဲ့ အစ်ဆွစ်ချ်တောင်းက တိုက်စစ်မှူး လီယမ် ဒီလပ်ကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။