ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်က ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်ဟာ မန်ချက်စတာ ယူနိုက်တက်လို ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ကြောင်း ပြောကြားရင်း ရာမို့စ်ကို ခေါ်ယူဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ကြီး ၆ကြီးထဲမှာ တိုက်စစ်ပိုင်း အားအနည်းဆုံးအသင်း ဖြစ်ကာ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းမှာ အန်တိုနီ မာရှယ်နဲ့ ဗက်ဟော့စ်တို့ တိုက်စစ်မှူး ၂ဦးထဲကိုသာ ပိုင်ဆိုင်ထားပြီး ဗက်ဟော့စ်ဟာ ထိပ်တန်း တိုက်စစ်မှူး တဦး မဟုတ်သလို မာရှယ်ကလည်း မကြာခဏ ဒဏ်ရာတွေ ရနေပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းထဲမှာ ပေါ်တူဂီနဲ့ ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်လည်း ပါဝင်နေပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ဂွန်ကာလို ရာမို့စ်က ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၂ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘင်ဖီကာက ရာမို့စ်ရဲ့ တန်ကြေးကို ယူရို ၇၀သန်း ဝန်းကျင် သတ်မှတ်ထားပါတယ်။

Photo Credit: Goal

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရာမို့စ်နဲ့အတူ တွဲဖက် ကစားခဲ့ဖူးတဲ့ ဘရူနို ဖာနန်ဒက်ကတော့ ရာမို့စ်ဟာ ထိပ်တန်း တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး ရာမို့စ်က ယူနိုက်တက်လို ထိပ်သီးအသင်းမှာပါ ကစားဖို့ အရည်အသွေးရှိသူ ဖြစ်ကြောင်း ဆိုလာပါတယ်။

ဖာနန်ဒက်က – “ဂွန်ကာလို ဒါမှမဟုတ် တခြား ထိပ်တန်း တိုက်စစ်မှူး တဦးက ကျွန်တော်တို့ရဲ့ ယူနိုက်တက်ဆီ ရောက်လာမှာပါပဲ။ ကျွန်တော်ကတော့ ဂွန်ကာလိုက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖို့ အတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရှိတဲ့ တိုက်စစ်မှူးလို့ မြင်ပါတယ်။ ဂွန်ကာလိုက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားနိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး ဖြစ်နေတာကြောင့် သူက မန်ချက်စတာ ယူနိုက်တက်မှာပါ ကစားနိုင်စွမ်း ရှိပါတယ်။ ကျွန်တော်ကတော့ ဂွန်ကာလိုဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာပဲ နာမည်ကျော် တိုက်စစ်မှူး တဦး ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။ ဂွန်ကာလိုက ပြင်းပြင်းထန်ထန် ကစားတတ်တယ်။ ပြီးတော့ သူ့ရဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားပုံကလည်း ကောင်းတယ်။ နောက်ဆုံး တချက်က ဂွန်ကာလိုဟာ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲမှာ အရမ်းကောင်းအောင် ကစားနိုင်ပါတယ်” လို့ ဂွန်ကာလို ရာမို့စ်ကို ချီးကျူးကာ မန်ချက်စတာ ယူနိုက်တက်ဟာ ရာမို့စ်ကို ခေါ်ယူသင့်ကြောင်း အကြံပေးသွားခဲ့တာပါ။