မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က ဒီရာသီမှာ အသင်းဘက်က မျှော်မှန်းလို့ ရနိုင်တဲ့ တစ်လုံးတည်းသော ဆုဖလားဖြစ်တဲပ FA Cup အတွက် ပိုပြီး ကြိုးပမ်းသွားဖို့ လိုအပ်တယ်လို့ သူ့အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီရာသီထဲ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကနေ အုပ်စုအဆင့်နဲ့ပဲ စောစောစီးစီး လှည့်ပြန်ထားရသလို မနှစ်က ချန်ပီယံ ဖြစ်ထားခဲ့တဲ့ လိဂ်ဖလား ရှုံးထွက်ပြိုင်ပွဲမှာလည်း မနှစ်ကမှ ဖိုင်နယ်မှာ ဆုံတွေ့ထားရတဲ့ နယူးကာဆယ်ကို အရေးနိမ့်ရင်း ဖလားတစ်လုံးကို လက်လွတ်ခဲ့ရပါတယ်။

Photo Credit : Bruno Fernandes X

ပရီးမီးယားလ်ိဂ်ဘက်မှာဆိုရင်လည်း အမှတ်ပေးချန်ပီယံဆုကို မျှော်မှန်းလို့ မဖြစ်နိုင်တော့ပဲ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့ Top 4 အတွက်သာ တိုက်ပွဲဝင်ရမယ့် အနေအထား ဖြစ်နေပါတယ်။ ဒါကြောင့် ဒီရာသီမှာ ယူနိုက်တက်အတွက် မျှော်လင့်ချင်စရာက အက်ဖ်အေဖလားသာ ကျန်ရှိနေပါတော့တယ်။

ယူနိုက်တက်က ဒီရာသီ FA Cup ပြိုင်ပွဲမှာ ဝီဂန်ကို တတိယအဆင့် ၊ နယူးပို့တ်ကို စတုတ္ထအဆင့်တွေတွင် အနိုင်ယူ ကျော်ဖြတ်ထားရပြီး လာမယ့် ပဉ္စမအဆင့်မှာတော့ ဘရစ္စတိုးလ် ဒါမှမဟုတ် နော်တင်ဟမ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့က အခြေအနေကောင်းနေပါတယ်။

Photo Credit : Bruno Fernandes X

ဒီဆုဖလားနဲ့ ပတ်သက်ပြီး ဖာနန်ဒက်စ်က “အက်ဖ်အေဖလားက ဒီရာသီမှာ ကျွန်တော်တို့ ရယူနိုင်တဲ့ တစ်ခုတည်းသော ဆုဖလားဆိုတာကို နားလည်ရပါမယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ နောက်ဆုံးအဆင့်ကို တစ်ဆင့်ပြီးတစ်ဆင့် တစ်ပွဲပြီးတစ်ပွဲ တက်လှမ်းနိုင်ဖို့ အားလုံးပေးဆပ်သွားရပါမယ်။”

“ကျွန်တော်တို့ ဒီဆုဖလားကို ဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီဖလားက ကျွန်တော်တို့အတွက် အလွန် အရေးကြီးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီပြိုင်ပွဲရဲ့ ဖိုင်နယ်ထိ ရောက်ရှိပြီးမှ ကံဆိုးစွာနဲ့ပဲ ဖလားမယူနိုင်ခဲ့ဘူး။ ဒီဖလားက ကျွန်တော်တို့အသင်းအတွက် ပရိသတ်တွေအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာကိုလည်း သိထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီဖလားကို ရယူသွားချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။