မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ယနေ့ညက မိုးသည်းထန်ပြီး အနီကတ်တွေနဲ့ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ခဲ့တဲ့ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းကို ၂-၁ ဂိုးနဲ့ အကြိတ်အနယ် အနိုင်ရအပြီးမှာ အလွန်အမင်း ပျော်ရွှင်နေခဲ့ပါတယ်။ဒီပွဲစဉ်ဟာ ပေါ်တူဂီကွင်းလယ်ကစားသမားအတွက် တစ်ကိုယ်တော် မှတ်တိုင်သစ်နှစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့အတွက် အထူးတလည် ညတစ်ညလည်း ဖြစ်ခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ဘရူနို ဖာနန်ဒက်စ်က ပွဲချိန် (၁၈)မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဒါဟာ ယူနိုက်တက်အတွက် သူ့ရဲ့ ပွဲ (၂၀၀)ပြည့် မှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုး (၁၀၀)ပြည့် မြောက်ဂိုးလည်း ဖြစ်ခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ကက်စ်မဲရိုးက သွင်းယူပေးခဲ့တာပါ။ နှစ်သင်းစလုံး တစ်ယောက်စီ အနီကတ်ပြခံခဲ့ရတဲ့ ဒီပွဲစဉ်မှာ ယူနိုက်တက်တို့ အနိုင်သုံးမှတ်ကို အသည်းအသန် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
Photo Credit : Goal
“ဒီလို မှတ်တိုင်ကြီးနှစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော် ရည်မှန်းထားခဲ့တဲ့ အရာတော့မဟုတ်ပါဘူး။ ကျွန်တော် ရည်မှန်းတာက နောက်လာမယ့်ပွဲစဉ်ကို ကစားဖို့ပါပဲ။” လို့ ဘရူနိုက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ပွဲအပြီးမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ အသင်းခေါင်းဆောင်က “ခင်ဗျားက ခြေစွမ်းကောင်းပြချင်မှာပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ အရေးအကြီးဆုံးက ရမှတ်တွေပါပဲ။ ကျွန်တော်တို့ လိုချင်တဲ့အမှတ်တွေကို မရခဲ့ပါဘူး။”
“ကျွန်တော်တို့ ပွဲအစမှာ စိတ်ဓာတ်ပိုင်းအရ အရမ်းတက်ကြွနေခဲ့လို့ ချယ်လ်ဆီးဘက်က အနီကတ်ရခဲ့တာပါ။ ဘင်ဂျမင် ဘောလုံးလိုက်တိုင်း အနောက်က ကစားသမားတွေက လိုက်ပါဖိအားပေးရမယ်။ ဘရိုင်ယန်က အဲ့ဒီအတိုင်း လုပ်ခဲ့တာပါ။
Photo Credit : BBC
“ကျွန်တော်တို့ဘက်က အနီကတ်က ဘာမှမပြောင်းလဲသွားစေပါဘူး။ ကွင်းလယ်ကို ပိတ်ပြီး သူတို့ကို ဘေးတိုက်စစ်ဆင်ခိုင်းတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်တန်းကစားသမားတွေက ဂိုးရှေ့မှာ ကာကွယ်ခဲ့တာ အရမ်းကောင်းခဲ့ပါတယ်” လို့ ဘရူနိုက အသင်းရဲ့ နည်းဗျူဟာပိုင်းကို ရှင်းပြခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ဒုတိယမြောက်နိုင်ပွဲသာ ဖြစ်ပြီး နည်းပြ ရူဘင် အာမိုရင်နဲ့ သူ့အသင်းသားတွေဟာ ဒီနိုင်ပွဲကို အရှိန်အဟုန်ယူပြီး ကံကြမ္မာကို ပြန်လည်ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေမှာ သေချာပါတယ်။ ယူနိုက်တက်ဟာ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်မှာ ဘရန့်ဖို့ဒ် (အဝေးကွင်း) နဲ့ ဆန်းဒါးလန်း (အိမ်ကွင်း) တို့ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။