ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ပေါ်တူဂီ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုလို ဂန္တဝင် ကစားသမားမျိုးဟာ နောက်ထပ် မရှိနိုင်တော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၈နှစ် အရွယ် အယ် နက်ဆာနဲ့ ပေါ်တူဂီတို့ရဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရိုနယ်ဒိုက ဘောလုံးသမိုင်းမှာ ထာဝရ အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို သူ့ရဲ့ ဂိုးသွင်းစွမ်းရည် ၊ စည်းကမ်း သေဝပ်မှုနဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကလည်း နာမည်ကျော်ပါတယ်။

Photo Credit: Bein Sports

ခရစ္စတီယာနို ရိုနယ်ဒိုက ပေါ်တူဂီ လက်ရွေးစင် ကစားသမား အဖြစ် ဆယ်စုနှစ် ၂စုနီးပါး ကြာအောင် ကစားခဲ့ရာ နိုင်ငံရဲ့ သမိုင်းတလျှောက် တခါမှ မရဖူးတဲ့ ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ပေါ်တူဂီ အတွက် ယူပေးနိုင်ခဲ့သလို မကြာသေးမီကလည်း ပေါ်တူဂီ ကစားသမား ဘဝ ပွဲ ၂၀၀ပြည့်ကို ကစားပေးနိုင်ခဲ့ပါတယ်။

ရိုနယ်ဒိုက ပေါ်တူဂီ အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၂၀၀ ကစားပေးခဲ့ရာ သွင်းဂိုး ၁၂၅ဂိုး အထိ သွင်းယူပေးထားသလို အထင်ကရ ဆုဖလား ၂လုံး အပါအဝင် အခြား အောင်မြင်မှု အများအပြားပါ ရယူပေးထားတာကြောင့် ပေါ်တူဂီနိုင်ငံသားတွေက ရိုနယ်ဒိုကို သူတို့နိုင်ငံရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ထားကြပါတယ်။

Photo Credit: Goal

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း သတင်းထောက် တဦးက ရိုနယ်ဒိုလို ကစားသမားမျိုး ထပ်မံ ပေါ်ထွက်နိုင်ဦးမလား ဆိုတဲ့ မေးခွန်းကို ဘရူနို ဖာနန်ဒက်စ်အား မေးမြန်းခဲ့ပြီး ဖာနန်ဒက်စ်ကတော့ ရိုနယ်ဒိုလို ကစားသမားမျိုး ထပ်ပေါ်မယ် မထင်ဘူးလို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဘရူနို ဖာနန်ဒက်စ်က – “ကျွန်တော်တို့ဟာ သမိုင်းသစ်ရေးထိုးသူ တယောက်နဲ့ တွဲကစားနေရတယ် ဆိုတဲ့ ခံစားချက်မျိုး ရနေတာ မဟုတ်ပါဘူး။ (ရိုနယ်ဒိုကို ရည်ရွယ်လျက်) ကျွန်တော်က သမိုင်းသစ်ရေးထိုးသူ တယောက်နဲ့ တွဲကစားနေရတယ် ဆိုတာကို သေချာ သိနေတာပါ။ ကျွန်တော်တို့ ကစားသမား အားလုံးက အဲ့ဒီလို ခံစားနေရတာပါ။ ကျွန်တော်တို့က ရိုနယ်ဒိုရဲ့ စွမ်းရည်နဲ့ သူ ဘယ်လိုအရာတွေ ယူဆောင်ပေးလာမလဲ ဆိုတာ သိပါတယ်။ ရိုနယ်ဒိုက ပေါ်တူဂီ ကစားသမားတွေ အားလုံးရဲ့ အနာဂတ် အပေါ် လွှမ်းမိုးနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ သူက ပေါ်တူဂီ ကစားသမားတွေ အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ယူလာပေးတဲ့သူပါ။ သူ့ကြောင့်ပဲ ပေါ်တူဂီနိုင်ငံအပေါ်မှာ ရှိနေတဲ့ အမြင်တွေ ပြောင်းလဲခဲ့တာပါ။ ကျွန်တော်က နောက်ထပ် ပေါ်တူဂီ ရိုနယ်ဒိုတွေ ထပ်ပေါ်လာဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး မဖြစ်လာနိုင်ပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ ကစားသမားတွေ အားလုံးက ရိုနယ်ဒို ကစားနိုင်တဲ့ အချိန်တွေကို ပျော်ပျော်ကြီး ခံစားမယ်။ ပြီးတော့ သူ လုပ်နိုင်တဲ့ အရာတွေ ထပ်လုပ်နိုင်အောင် ကူညီပေးမယ်။ ဒါမျိုးတွေပဲ လုပ်ရတော့မှာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။