ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က သူတို့အသင်းရဲ့ ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဂျာအို နီဗက်စ်ကို သူတို့အသင်းဆီ ပြောင်းလာဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်းသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဘရူနို ဖာနန်ဒက်စ် ၊ မေဆန်မောင့် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး ၊ တော်မီနေး ၊ အမ်မရာဘက် စတဲ့ ကစားသမား ၆ဦးကို ပိုင်ဆိုင်ထားပေမယ့် ကွင်းလယ်ခံစစ် ကစားသမားစစ်စစ်ဟာ ကတ်စ်မဲရိုး တဦးထဲသာ ရှိသလို ကတ်စ်မဲရိုးကလည်း အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ လူငယ် ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ပြင်ဆင်နေကြပြီး ယူနိုက်တက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပေါ်တူဂီနဲ့ ဘင်ဖီကာ လူငယ်ကြယ်ပွင့် ဂျာအို နီဗက်စ်လည်း ပါဝင်နေပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဂျာအို နီဗက်စ်က ကွင်းလယ်ခံစစ် နေရာမှာ အဓိက ကစားလေ့ရှိသူ ဖြစ်ပြီး သူက ဒီရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ရရှိထားပါတယ်။

Photo Credit: Standard

ပေါ်တူဂီသားတွေနဲ့ အကျိုးပေးလေ့ ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်က ဂျာအို နီဗက်စ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေသလို ယူနိုက်တက်ရဲ့ ကင်းထောက် တဦးက နီဗက်စ် ကစားတဲ့ ပွဲတိုင်းကို တက်ရောက် ကြည့်ရှုကာ သူ့ရဲ့ ခြေစွမ်းကို အနီးကပ် လေ့လာမှုတွေလည်း လုပ်နေပါတယ်။

ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ ပေါ်တူဂီရဲ့ အားကိုးရတဲ့ ကွင်းလယ်လူလည်း ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဂျာအို နီဗက်စ်နဲ့အတူ တွဲဖက် ကစားချင်ကြောင်း ပြောကြားကာ နီဗက်စ်ကို ယူနိုက်တက်ဆီ ပြောင်းလာဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က – “ကျွန်တော်ကတော့ နီဗက်စ်ကို မန်ချက်စတာ ယူနိုက်တက်မှာ မြင်တွေ့ချင်ပါတယ်။ သူ့မှာ ထိပ်တန်း အရည်အချင်းတွေ ရှိပါတယ်။ ဒါပေမယ့် ဒါက နီဗက်စ်ရဲ့ ရွေးချယ်မှုအပေါ်လည်း မူတည်ပါသေးတယ်။ နီဗက်စ်က ထိပ်တန်း ကစားသမား တယောက် ဆိုတာ သေချာပါတယ်။ သူက ယူနိုက်တက်ဆီ မရောက်လာရင်တောင် ကြီးကျယ်တဲ့ အနာဂတ် တခုကို ပိုင်ဆိုင်မယ့် ကစားသမားပါ” လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။