မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘုန်းမောက်အသင်းကို (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ခြင်းကြောင့် အသင်းပရိသတ်တွေထံ တောင်းပန်စကားသာ ပြောနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘုန်းမောက်ကို အိမ်ကွင်းမှာ တစ်ကြိမ်တစ်ခါမှ ရှုံးနိမ့်ခဲ့ခြင်း မရှိပေမယ့်လည်း အခုတစ်ကြိမ်မှာတော့ (၃)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးနဲ့ပါ အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်သွားခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဖာနန်ဒက်စ်က “ကျွန်တော်ရဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ စွမ်းဆောင်ရည်တွေအတွက် ကျွန်တော်တို့တွေ အသင်းပရိသတ်တွေ အားလုံးကို တောင်းပန်ပါတယ်။”

“ပရိသတ်တွေ ဆိုတာက ကျွန်တော်တို့နောက်မှာ အချိန်တိုင်း ရှိနေကြတာမို့ သူတို့ မြင်တွေ့နေရတာကို သဘောမကျဘူးဆိုရင် အော်ဟစ် လှောင်ပြောင်ကြတာက သဘာဝပါပဲ။ ကျွန်တော်တို့မှာလည်း ပရိသတ်တွေအတွက် တောင်းပန်စကားသာ ပြောနိုင်ပါတော့တယ်။”လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Telegrph

ဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း ဘုန်းမောက်နဲ့ပွဲမှာ အဝါကတ်တစ်ကြိမ် ပြသခံလိုက်ရသေးတာကြောင့် ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ အဝါကတ် (၅)ကြိမ်မြောက် ပြသခံလိုက်ရတဲ့အတွက် လီဗာပူးလ်နဲ့ ပွဲစဉ်ကို သေချာပေါက် လွဲချော်ရပါတော့မယ်။

ဒီပွဲမှာ အဝါမထိဖို့ လိုအပ်နေတာကို သိနေရဲ့သားနဲ့ ကွင်းလယ်ဒိုင်ကို တောက်လျှောက် စောဒကတက်ရင်း အဝါကတ်ရအောင် ယူခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ မဆင်မခြင် လုပ်ရပ်ဟာလည်း ယူနိုက်တက် ပရိသတ်တွေအတွက် အတော်လေး စိတ်ပျက်စရာ ဖြစ်စေခဲ့ရပါတယ်။