မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဒီနွေရာသီအစောပိုင်းက ဆော်ဒီ ပရိုလိဂ် ထိပ်သီးကလပ် အယ်လ်ဟီလာလ်အသင်းရဲ့ မက်လောက်စရာကောင်းတဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး အသင်းမှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ဟပြောကြားလိုက်ပါတယ်။

အသက် ၃၀ အရွယ် ပေါ်တူဂီကွင်းလယ်လူအတွက် အယ်လ်ဟီလယ်အသင်းက ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ပေါင် သန်း(၂၀၀)အထိ ကမ်းလှမ်းခဲ့ပြီး သူ့ကိုလည်း တစ်ပတ်လုပ်ခ ပေါင်(၇)သိန်းကျော်နဲ့ အခွန်လွတ်စာချုပ် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖာနန်ဒက်စ်ကတော့ ဒီကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit : Goal

Sky Sports နဲ့ တွေ့ဆုံရာမှာတော့ သူက “ကျွန်တော် ဒီမှာ အိပ်မက်တွေ မပြည့်သေးဘူး။ ကျွန်တော် ကလပ်အသင်းကို တစ်ခုခု ပြန်ပေးဆပ်နိုင်သေးတယ်လို့ ထင်တယ်။ အသင်းအတွက် အထောက်အကူဖြစ်နေသေးတယ်လို့ ခံစားရတယ်။ ဒါကြောင့် ကလပ်က ‘ဘရူနို၊ မင်းသွားရမယ့်အချိန်ရောက်ပြီ’ လို့ ပြောတဲ့အချိန်အထိ ကျွန်တော် ဒီမှာပဲ ရှိနေမှာပါ။”

“ဒီကမ်းလှမ်းမှုက ယူနိုက်တက်အတွက် ငွေပမာဏအရမ်းများတာကြောင့် ကလပ်အတွက် ဆုံးဖြတ်ရခက်ခဲခဲ့တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ထွက်သွားပြီးနောက်ပိုင်း ကစားသမားတစ်ယောက်အတွက် ဒီလောက်များတဲ့ ပြောင်းရွှေ့ကြေးမျိုး ကလပ်က မရခဲ့ဖူးလောက်ပါဘူး။” လို့ သူက ဆိုပါတယ်။

Photo Credit : United in Focus

သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ဒါက အရမ်းကို ရည်မှန်းချက်ကြီးတဲ့ ကမ်းလှမ်းမှုတစ်ခုပါ။ ကျွန်တော့်ရဲ့ ဇနီးနဲ့ မိသားစုကို တိုင်ပင်ခဲ့တယ်။ ဇနီးက ကျွန်တော့်ကို ကစားသမားဘဝရဲ့ ကိုယ်ပိုင်ရည်မှန်းချက်က ဘာလဲလို့ မေးခဲ့တယ်။ သူက ကျွန်တော့်ကို အမြဲတမ်း အများကြီး ထောက်ပံ့ပေးတဲ့သူပါ။ ကျွန်တော်ကတော့ ထိပ်တန်းအဆင့်မှာပဲ ဆက်ရှိနေချင်တယ်။ ပြိုင်ပွဲကြီးတွေမှာ ကစားချင်တယ်။ ပြီးတော့ အဲ့ဒီလိုလုပ်နိုင်စွမ်းရှိတယ်လို့လည်း ခံစားရတယ်။” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဒီလိုပြောကြားခဲ့တဲ့ ဖာနန်ဒက်စ်ဟာ ဒီနေ့ (တနင်္ဂနွေနေ့) မှာတော့ အာဆင်နယ်အသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံကစားမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယူနိုက်တက်ကို အနိုင်နဲ့ ရာသီစဖွင့်နိုင်ဖို့ ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တိုက်စစ်ပိုင်းကို ဘင်ဂျမင် ဆက်စ်ကို ၊ မားသီးယပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူအားဖြည့်ထားပြီး ဈေးကွက်မပိတ်ခင် ကွင်းလယ်ကစားသမားသစ်တစ်ဦးကိုလည်း ခေါ်ယူသွားဖို့ စီစဉ်နေပါတယ်။